ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းများ အရှိန်မြှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်နှင့် ကင်းထောက်ကြီးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၌ ကင်းထောက်ချုပ်များက အမှာစကား ပြောကြားပြီး ကင်းထောက်ကြီး အလင်္ကာ ကျော်စွာ ဂီတစာဆို ဟင်္သာတ ဦးမြင့်ငွေ ရေးသားပြုစုပြီး ကင်းထောက်မောင်မယ်များ သီဆို အသံသွင်းထားသည့် “ကင်းထောက်ဆိုသည်မှာ” ကင်းထောက် တေးသီချင်း အသစ်ကို ရုပ်မြင် သံကြား အစီအစဉ်များမှ ရိုက်ကူးလွှင့်ထုတ်နိုင်ရေး၊ အစဉ်အလာကောင်းခဲ့သည့် ကင်းထောက် လှုပ်ရှားမှု သမိုင်းကြောင်းနှင့် လက်ရှိတိုးတက်ဆောင်ရွက်မှု ဆွေးနွေးခန်းများကို ကင်းထောက် ကြီးများ၊ တက္ကသိုလ်ကင်းထောက်များ၊ ကင်းထောက်လူငယ်များ၊ ကင်းထောက်ငယ်များ ပါဝင်ပြီး ရုပ်မြင်သံကြား အစီအစဉ်များတွင် ရိုက်ကူးထုတ်လွှင့်ရေး၊ ကင်းထောက်လှုပ်ရှားမှု အစီအစဉ်များကို သတင်းစာနှင့် အခြားပုံနှိပ် မီဒီယာများတွင် ထည့်သွင်းဖော်ပြနိုင်ရေး၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကိုယ်ပိုင်ကျောင်းများအပြင် ရပ်ရွာအခြေပြု ကင်းထောက် သင်တန်းများ ပို့ချလေ့ကျင့်ရေး၊ ကင်းထောက်စခန်းချပွဲများ စီစဉ်ရေး၊ ကင်းထောက်ရန်ပုံငွေ ရရှိရေး၊ ကင်းထောက်လုပ်ငန်းများ အရှိန်မြှင့် တိုးချဲ့ဆောင်ရွက်ရေးများကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်