ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယင်းဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦးက မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနသည် ၂၀ဝဝ ပြည့်နှစ်မှ စတင်ပြီး ကျောင်းပြင်ပ ပညာရေး စာတတ်မြောက်ရေးနှင့် အထောက်အကူပြု စာစောင်များ၊ စာစဉ်များ ထုတ်ဝေဖြန့်ဖြူးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အတွေ့အကြုံကောင်းများကို အခြေခံလျက် အတိတ်၏ လုပ်ဆောင်ချက်များအပေါ် ယခု ပစ္စုပ္ပန်ကာလ အခြေပြုကာ အနာဂတ်ကာလကို ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ရာ လုပ်ငန်း အလိုက် မိမိတို့၏ ကြိုးပမ်းအားထုတ်မှု အောင်အောင်မြင်မြင် အရာထင် မှတ်တမ်းတင် နိုင်စေရန် ကြိုးစားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးတင်ညိုက အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးနှင့် ရပ်ရွာ အခြေပြု ကျောင်းပြင်ပရောက် ကလေးသူငယ်များ စဉ်ဆက်မပြတ် တိုးချဲ့ပညာ သင်ယူခြင်း အစီအစဉ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးများကို ညှိနှိုင်းဆွေးနွေးကြပြီး ကျောင်းပြင်ပရောက် ကလေးများအတွက် ရှေ့ဆက်ဆောင်ရွက်နိုင်ရန် အလှူရှင်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာရေး၊ အရည်အသွေးရှိ ပညာရရှိရေး လုပ်ငန်းခွင်အတွက် အသင့်ဖြစ်စေရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်