နေပြည်တော် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့်လက်ကျန်ငွေ ကျပ် (၁ ဒသမ ၅၇၃၁) ဘီလီယံကို သုံးစွဲသူ အများပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လှူဒါန်းသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဤလှူဒါန်းငွေများသည် မြန်မာ နိုင်ငံတစ်ဝန်းရှိ ဖုန်းသုံးစွဲသည့် လူမျိုး၊ ဘာသာပေါင်းစုံမှ ထည့်သွင်းထားသော ကြိုတင်ငွေ များ၏ လက်ကျန်ငွေများဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်း မရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့် ပြည်သူများ၏ ငွေများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အကျိုးရှိမည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အလျင်အမြန် တုန့်ပြန် ဆောင်ရွက်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပြည်သူများအတွက် အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လှူဒါန်းငွေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထဲသို့ တိုက်ရိုက်ထည့်သွင်း မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်၍ အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ရေတို၊ ရေလတ်၊ ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကာ ပြည်သူများအကျိုးအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုလှူဒါန်းမှု သည်လည်း ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်းဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လှူဒါန်းငွေကျပ် (၁ ဒသမ ၅၇၃၁) ဘီလီယံကိုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)