နေပြည်တော် ဖေဖော်ဝါရီ ၁
“ပုံမှန်ကာကွယ် ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဗဟိုအခမ်းအနား” ကို ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ပထမဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒေါက်တာစိုးဦး၊ ညွှန်ကြား ရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Ms. June Kunugiတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို (၁၂) ခုမြောက်ရောဂါ ကာကွယ်ဆေးအဖြစ် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းထိုးနှံသွား မည်ဖြစ်ပါ၍ ဝန်ကြီးဌာန နှင့် ပြည်သူများအတွက် အရေးကြီးသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကလေးများတွင် ဖြစ်ပွား သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ပွားပြီး ရိုတာ ဗိုင်းရပ်(စ်)သည် အလွန်ကူးစက်မြန်ပါကြောင်း။
ဝမ်းမလျှောခင် (၂) ရက်အလိုနှင့် ဝမ်းလျှောပြီး (၁၀) ရက်အထိ ဗိုင်းရပ် (စ်) ပိုးရှိနေတတ်ပြီး ပတ်ဝန်းကျင်တွင် (၉) ရက်မှ (၁၉) ရက်အတွင်း အသက်ရှင်နေနိုင်ပါ၍ ကလေးများထံသို့ လွယ်ကူစွာ ပျံ့နှံကူးစက်နိုင်ပါကြောင်း၊ ထို့အပြင်ပုံမှန်ကာကွယ်ဆေးထိုး /တိုက်အစီအစဉ်တွင် အသက် (၁၈) လပြည့်ပြီးကလေးများကို စတုတ္ထအကြိမ် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ် ဆေးကိုပါ ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် (၂၀၂၀) ခုနှစ်၊ ဇူလှိုင် (သို့မဟုတ်) ဩဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၉) နှစ်မှ (၁၀) နှစ် အရွယ်ရှိ မိန်းကလေးများကိုသား အိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေး (Human Papilloma Virus Vaccine) ကိုလည်း ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းအစီအစဉ်တွင် (၁၃) ခုမြောက်ရောဂါ ကာကွယ်ဆေးအဖြစ် ထပ်မံထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း။
ကလေးငယ်များသည် ဝမ်းလျှောနေစဉ်တွင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု တိုးတက်မှုများကို များစွာထိခိုက်နိုင်ပြီး အခြားရောဂါများလည်း ကူးစက်ဖြစ်ပွားနိုင်ပါ၍ ပြည်သူ များက မိမိတို့၏ ကလေးများကို ကာကွယ်ဆေးတိုက်ကျွေးပေးရမည် ဖြစ်ပါကြောင်း၊ ရိုတာ ဗိုင်းရပ် (စ်) ရောဂါကာကွယ်ဆေး (၂) ကြိမ်တိုက်ကျွေးခြင်းအတွက် ကုန်ကျငွေမှာ (၄)ဒေါ်လာ ဖြစ်ပြီး ကာကွယ်ဆေးသယ်ဆောင်ခစသည့် ကုန်ကျစရိတ်များပါ ထည့်သွင်းတွက်ချက်ပါက ကလေးတစ်ဦးလျှင် (၇) ဒေါ်လာကုန်ကျပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ (၁၀) သန်းခန့်သုံးစွဲလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဘဏ္ဍာငွေ အများဆုံး ပံ့ပိုးကူညီပေးနေသော Gavi, the Vaccine Alliance အဖွဲ့ကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယခုထိုးနှံပေးနေသော (၁၂)မျိုးမြောက်ကာကွယ်ဆေးဖြစ်သော ရိုတာ ဗိုင်းရပ် (စ်) ရောဂါကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံတိုက်ကျွေးကြရန် နှိုးဆော်ပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ နှင့်ပြည်သူလူထုအားလုံးက ကာကွယ်ဆေးထိုးဆေးတိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း။
ယခုလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ တိုးချဲ့ ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက် မန်နေဂျာနှင့်အဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာတွင် အနီးကပ် ကြီးကြပ်ဆောင်ရွက်နေပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် လူဦးရေ ထူထပ် သိပ်သည်းမှုကြောင့် ရောဂါကူးစက်နိုင်ခြေလွန်စွာများခြင်း၊ နိုင်ငံတစ်ဝန်းမှ လူများစုဝေး ရောက်ရှိနေခြင်းတို့ကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများတွင် ဆေးမရရှိ သော ကလေးများကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ်မှ ပြည်သူများ ယခုကာကွယ်ဆေးအပါအဝင် ရောဂါကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများကို သိရှိရန် အတွက် ယခုအခမ်းအနားကို လှိုင်သာယာမြို့နယ်တွင် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယခု ရိုတာဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေးကို သတ်မှတ်ထားသော အသက်အရွယ်၌ (၂) ကြိမ် တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ လျော့နည်းခြင်း၊ ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများ ကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ပြည်သူများအတွက် ရောဂါကာကွယ် ဆေးများ တိုက်ကျွေးထိုးနှံခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က အမှာစကားပြောကြားကြသည်။
ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း၏ပြခန်းများကို လှည့်လည် ကြည့်ရှုပြီး ကာကွယ်ဆေးထိုး/ တိုက်နှံရန် လာရောက်လာသည့် ကလေးများကိုအားပေးပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
(သတင်းစဉ်)