ရန်ကုန် ဇန်နဝါရီ ၂
ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ သရပါဂိတ်နှင့် ပုပ္ပားတောင်ရှိ Popa Resort နေရာမှ ပုပ္ပားတောင် ရှုခင်းကို ရိုက်ကူးသည်။
အဆိုပါရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်၊ ထီးလိုမင်းလိုစေတီတော်၊ စူဠာမဏိစေတီတော်၊ အာနန္ဒာဘုရားနှင့် သဗ္ဗုညုဘုရားတို့တွင်လည်းကောင်း၊ ဒီဇင်ဘာ ၃၀ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်များ လှုပ်ရှားသွားလာမှုအားလည်းကောင်း မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၃ရက် နှင့် ၄ရက်တို့တွင် ပုပ္ပားတောင်၌ နတ်ကန္နားကျင်းပပုံနှင့် ပုဂံမြို့ရှိ ဘုရားများအား ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ကူးထားမှုများကို ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်းတွင် “လှပသောယဉ်ကျေးမှုနယ်မြေ” ခေါင်းစဉ်ဖြင့် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာသိန်း (FDC)