ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ရာအိမ်မှူး ဦးကျော်တင်လှိုင်၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
ဦးကျော်တင်လှိုင် (ရာအိမ်မှူး)
အောင်မင်္ဂလာရပ်ကွက် စစ်တွေမြို့
ကျွန်တော့် နာမည်က ဦးကျော်တင်လှိုင်ပါ။ မွတ်ဆလင်နာမည်က မူဆာအာမက်ပါ။ ကျွန်တော်က အောင်မင်္ဂလာရပ်ကွက် ရာအိမ်မှူးတစ်ယောက်ပါ။ ကျွန်တော်တို့ အောင်မင်္ဂလာရပ်ကွက်မှာ တိုင်းရင်းသားနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်ငါးခုရှိပါတယ်။ ကုန်းတန်း၊ ကသစ်၊ ကျောင်းကြီးလမ်း၊ အောင်မင်္ဂလာ နဲ့ မောလစ်စတဲ့ ငါးရပ်ကွက်ပါ။ ငါးရပ်ကွက်မှာ အိမ်ထောင်စုက ၇၂၀ ပါ၊လူဦးရေက ၄၀၀၀ လောက်ရှိပါတယ်။ ကျွန်တော်က ၂၀၁၀ ကနေ ရာအိမ်မှူးတာဝန်ကို ထမ်းဆောင်နေတာပါ။ ၂၀၁၂ ခုနှစ် ၆ လပိုင်း ပဋိပက္ခကာလမှာ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေက ကျွန်တော်တို့ ရပ်ကွက်ကို ကာကွယ်ပေးခဲ့ပါတယ်။ အချိန်မီကာကွယ်ပေးခဲ့လို့ ကျွန်တော်တို့ရပ်ကွက်တစ်ခုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရပ်ကွက်မှာ မီးရှို့မှုဖြစ်မှာစိုးလို့ ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်နဲ့ပူးပေါင်းပြီး ကျွန်တော်တို့ရပ်ကွက်ကို တပ်မတော်၊ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ကာကွယ်ပေးခဲ့ပါတယ်။ အသက်အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် အဲဒီအချိန်မှာ လူတစ်စုနဲ့တစ်စု သွေးဆူမှုဖြစ်နေတာမို့ အကာအကွယ်ပေးခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်တို့ရပ်ကွက် ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ကို အစိုးရအဖွဲ့က လစဉ်လတိုင်း ဆန်အိတ်ထောက်ပံ့ပေးပါတယ်။ NGO တွေလည်း ခဏခဏကူညီပေးတာတွေ ရှိပါတယ်။ ရပ်ကွက်မှာ အရင်တုန်းက မြို့မဈေးနဲ့ ဆိုင်ခန်းတွေရှိခဲ့ပါတယ်။ ကုန်သည်တွေ၊ ဆေးသုတ် သမားတွေ၊ ပန်းရန်ဆရာ၊ လက်သမားဆရာတွေ၊ ကျပန်းအလုပ်သမားတွေ အကုန်ရှိခဲ့ပါတယ်။ပဋိပက္ခပြီးတဲ့နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတမဖြစ်တော့ ရွာထဲမှာပဲနေပြီး ထောက်ပံ့ကြေးနဲ့ စားခဲ့ရပါတယ်။ ၂၀၁၉ ကာလမှာ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းပါးပါး သဟဇာတဖြစ်လာတဲ့နောက်ပိုင်းမှာ တားဆီးထားတဲ့ဂိတ်တွေ ဖြုတ်လိုက်တယ်။ ရဲတပ်ရင်းတွေကလည်း ၂၀၂၀ မှာ တစ်ခါတည်း ရုပ်သိမ်းပြီးပြန်သွားပါတယ်။ အခုကတော့ ကျွန်တော်တို့ရပ်ကွက်မှာ အပြင်က ဈေးကြီးကို သွားပြီး ဈေးဝယ်လို့ရတယ်။ တချို့ ငါးရောင်းတဲ့ သူတွေကလည်း ဈေးကြီးမှာ သွားပြီး ငါးရောင်းလို့ရတယ်။ ဘာမှပြဿနာမရှိပါဘူး။
ကျွန်တော်တို့ ရပ်ကွက်မှာလည်း တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ ဆိုင်ခန်းတွေ၊ ဆေးခန်းတွေရှိတယ်။ အစိုးရအဖွဲ့က ဖွင့်ပေးထားတဲ့ဆေးခန်းမှာ ဘာသာပေါင်းစုံလာပြီးတော့ ဆေးကုနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာပြဿနာမှမရှိပါဘူး။ အခုကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ ကျန်းမာရေးအနေနဲ့ ပဋိပက္ခကာလမှာ လုံခြုံရေးကို ဆေးရုံသွားမယ်ဆိုရင် သတင်းပို့ပြီး ရပ်ကွက်ကတစ်ဆင့် လုံခြုံရေးယူပြီးမှ ဆေးရုံ၊ ဆေးခန်းသွားရတယ်။ အခုကတော့ ဘာမှမလိုဘူး။ ကိုယ့်ဟာကိုယ် ဆေးခန်းသွားလိုက်လို့ရတယ်။ ရပ်ကွက်မှာလည်း သဒ္ဓါပုဂ္ဂလိကဆေးခန်းတစ်ခု ဖွင့်ထားတယ်။ သဒ္ဓါဆေးခန်းမှာ ဆေးကုလို့ရတယ်။ ရပ်ကွက်ထဲမှာ အစိုးရက ဆေးကုပေးတာ တစ်ပတ်ကို နှစ်ကြိမ် ပုံမှန်ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာ ပညာသင်တဲ့ကလေးတွေအတွက် အရင်တုန်းက မူလတန်းကျောင်းပဲ ရှိတယ်။ မူလတန်းကနေ အခုက အလယ်တန်းကျောင်းဖြစ်သွားပြီ။ အလယ်တန်းကနေ အထက်တန်းကျောင်း ဖြစ်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတစ်ကျောင်းဆောက်ပေးမယ်လို့ ပြောထားပါတယ်။ ကျွန်တော်တို့က မြေနေရာမပေးနိုင်သေးလို့ပါ။ မြေနေရာပေးလိုက်တာနဲ့ အစိုးရအဖွဲ့က ဆောက်ပေးမှာပါ။ စာမေးပွဲဖြေရင်တော့ သက္ကယ်ပြင်ကျောင်းမှာ သွားဖြေရပါတယ်။
အခု ကျွန်တော်တို့ဘက်မှာ တစ်ခုခုလေလံကျတယ်ဆိုရင် မွတ်ဆလင်လည်း အစိုးရအဖွဲ့ဆီကနေ လေလံသွားဆွဲလို့ရတယ်။ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး လေလံသွားဆွဲကြတာပါ။ ရတဲ့သူရတယ်။ စီးပွားရေးသမား ကုန်သည်တွေကလည်း ရန်ကုန်ကနေ ပစ္စည်းမှာပြီး ရောင်းနေကြတာရှိတယ်။ တချို့ သူတွေက တိုင်းရင်းသားတွေအိမ်မှာ ဆေးသုတ်၊ ပန်းရန်၊ လက်သမား အကုန်လုပ်နေကြတယ်။ သဟဇာတဖြစ်နေကြပါပြီ။ အခုက လုံးဝပြဿနာမရှိဘူး။ ဆေးရုံကြီးကိုလည်း ဆေးသွားကုလို့ရတယ်။ ကျွန်တော်တို့ မွတ်ဆလင်လူမျိုးမှာ ဗလီ ငါးကြိမ်တက်ရတယ်။ ငါးကြိမ်လုံး ပုံမှန်တက်နေတာပါ။
သတင်းအဖွဲ့
