အရောင်အသွေးစုံညီ ရနံ့သင်းသည့် ပန်းခင်းကြီး တစ်ခင်းသဖွယ်။ မတူကွဲပြားသည့် အလှတရား များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်သည့်အခါ ခမ်းနားလှပသည့် အလှသစ်က ရှုမငြီးစရာ ထွက်ပေါ်လာသည်။ ယင်းသည် ပြည်ထောင်စု၏ အလှတရားဖြစ်သည်။ ပြည်ထောင် စုဖွား တိုင်းရင်းသားတို့၏ ကိုယ်စီအလှများကို တစ်ပေါင်းတစ်စည်းတည်း တစ်နေရာတည်းတွင် တွေ့ခွင့်ရနိုင်သည့် နေရာသည် “သွေးချင်းတို့ရဲ့ ပွဲတော်” ကြီး ပင်ဖြစ်သည်။
သွေးချင်းတို့ရဲ့ ပွဲတော်ကြီးက တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု တို့ကို ဖော်ဆောင်နိုင်သည့် ပွဲတော်ကြီးဖြစ်သည်။ တောင်ပေါ်နှင့်မြေပြန့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ရိုးရာ ဝတ်စုံများ၊ ရိုးရာ စားသောက်ဖွယ်ရာများ၊ ရိုးရာဓလေ့ထုံးစံများ၊ ရိုးရာအသုံးအဆောင်များ စသည်တို့ကို သွေးချင်းတို့ရဲ့ ပွဲတော်ကြီးတွင် တွေ့မြင်နိုင်သည်။ လေ့လာနိုင်သည်။ မြည်းစမ်းနိုင် သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သိနားလည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ရင်းနှီးခင်မင် မှု၊ ချစ်ခင်ယုံကြည်မှုတို့ ပေါ်ထွန်းကာ ပြည်ထောင်စု သွေးချင်းများအကြား သံယောဇဉ်တရားတို့ နှောင်ဖွဲ့ဖြစ်ပေါ်လာနိုင်သည်။
“ဒီနေ့အချိန်အခါဟာ ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှု၊ ရိုင်းပင်း ကူညီမှုများ ပိုမိုလိုအပ်လာတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသားချင်းများ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လ၊ ဝီရိယ၊ ရိုးသားဖြောင့်မတ်မှု စတဲ့ အရည်အချင်းများ ပိုမိုမြင့်မား၊ ခိုင်မာလာအောင် တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်း ရိုင်းပင်းကူညီမှု၊ ချစ်ခင်လေးစားမှုများကို အခြေခံပြီး ငြိမ်းချမ်းရေးကို အရယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေချင်ပါတယ်။
“ဒီလိုအချိန်မှာ အရောင်အသွေးစုံ တိုင်းရင်းသားများပေါင်းစုပြီး တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမယ့် ယခုပွဲတော်ကို ကျင်းပ ကြတာ အင်မတန်မှ သင့်တော်အားရစရာ ဖြစ်ပါတယ်” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်က ကျင်းပသည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပွဲတော်ကြီး၏ လေးနက်မှုနှင့် အရေးပါမှုတို့ကို သိမြင်နိုင်ကြမည် ဖြစ်သည်။
ပထမအကြိမ် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို ကျင်းပခဲ့စဉ်က ကချင်ကို အဓိက ထား၍ ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ် ပွဲတော်ကြီးကိုမူ ကယားရိုးရာ တံခွန်တိုင် အကပွဲတော် အဖြစ် ကျင်းပခြင်းဖြစ်သည်။ သို့ဖြစ်၍ လာမည့် လာမည့် နှစ်များတွင်လည်း ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် နှစ်စဉ် ကျင်းပသွားမည်ဟူ၍ နားလည်နိုင်မည် ဖြစ်သည်။ နှစ်စဉ် ကျင်းပသည့် ဤပွဲတော်ကြီးများက တိုင်းရင်းသားတို့၏ ရိုးရာထုတ်ကုန်များ၊ ဒေသထွက်ကုန် များ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများအတွက် ဈေးကွက်များ ရှာဖွေမြှင့်တင်ပေးနိုင်သလို တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိလာသည်နှင့်အမျှ မိမိတို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး တောင့်တကြသည့် ထာဝရငြိမ်းချမ်းရေးကိုပါ တစ်ဆက်တစ်စပ်တည်း မျှော်မှန်းနိုင် မည်ဟု ယုံကြည်မိပါကြောင်း။ ။
မြန်မာ့အလင်း