Skip to main content

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီး ဌာနမှ တည်ဆောက်ထားသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး နောက် မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဆိုင်ဘုတ်အား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်ဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်လှစ်နိုင်ခြင်း အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက အိမ်ရာဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနား တက်ရောက်လာကြသော သူများက အိမ်ရာအဆောက် အဦးအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာသည် စတုရန်းပေ ၄၈၀ ရှိပြီး တိုက်ခန်းပေါင်း(၁၄)လုံးနှင့် အိမ်ခန်းပေါင်း (၄၇၆)ခန်းရှိသည်။ တိုက်တစ်တိုက်လျှင် ၈ ခန်းတွဲ ၅ ထပ်တိုက်ဖြစ်ပြီး အခန်း(၃၄)ခန်း ပါဝင်ကြောင်း သိရှိရသည်။

ယင်းတိုက်ခန်းများတွင် ဝန်ထမ်းများ၏ လစာပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်း၊ အရာထမ်းဖြစ်ပါက လစာ၏ ငါးရာခိုင်နှုန်း၊ အမှုထမ်းဝန်ထမ်းဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ နေထိုင်နိုင် ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခရိုင်တွင်လည်း ဝန်ထမ်းများအနေဖြင့် နေထိုင် ရေး အခက်အခဲများရှိသည့် ဝန်ထမ်းများအတွက် ခရိုင်လေးခုတွင် ဆက်လက်ဖော် ဆောင်ရန် အကြီးအကဲများ၏ လမ်းညွှန်ချက်များကို ခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

အောင်မြင့်(ပြန်/ဆက်)