Skip to main content

စာနာမှု၊ လူ့ကျင့်ဝတ်၊ မေတ္တာတရားနှင့် အမြော်အမြင်ကြီးမားခြင်း

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သော ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားကူးစက်မှု ကမ္ဘာအနှံ့အပြားဆီသို့ ရောက်ရှိလာသည့်အခါ နိုင်ငံတကာတွင် အရေးပေါ်အချက်ပေး ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ရောဂါပိုးကူးစက်မှုပျံ့နှံ့သည်မှာ မြန်ဆန်ခြင်း၊ လူလူချင်းကူးစက်နိုင်ခြင်း၊ ရောဂါ၏ထိုးနှက်မှုက ပြင်းထန်ခြင်း၊ သေကျေပျက်စီးရသည်အထိ ဖြစ်လာခြင်း တို့က နိုင်ငံအသီးသီးကို ချက်ချင်းဆိုသလို နိုးကြားသွားစေ၏။

ကာကွယ်ရန်နည်းလမ်းတို့ကို အလျင်အမြန်ဆိုသလို နိုင်ငံသားတို့သိစေရန် ထုတ်ပြန်ကြေညာ၏။ ကာကွယ်နိုင်မှု နည်းလမ်းမျိုးစုံကို အားထုတ်ကြိုးပမ်းရှာဖွေကြ၏။ အမြန်ဆုံးသက်သာ ပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်းမျိုးစုံကို အင်တိုက်အားတိုက် ရှာဖွေကြ၏။ နိုင်ငံ အချင်းချင်းလည်း သတင်းဖလှယ်ကြ၏။

သည်အနေအထားတစ်ခုလုံးက လူသားအားလုံးနှင့် သက်ဆိုင်နေသည့် ကိစ္စဖြစ်၏။ နိုင်ငံတစ်ခု ၏ သီးခြားပြဿနာတစ်ခုအနေဖြင့် မဟုတ်တော့ပြီ။ ရောဂါပြန့်ပွားမှုနှုန်းနှင့် အန္တရာယ်က ကမ္ဘာ့နိုင်ငံများအကြားတွင် ရန်သူမိတ်ဆွေမခွဲခြားဘဲ အားလုံးကိုအကျပ်အတည်းတွင်းထဲသို့ပို့ရန် ဦးတည်နေပြီဖြစ်၏။ တရုတ်နိုင်ငံအတွင်းမှာ မြို့တော်တော် များများကို ပိတ်ထားပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများမှလွဲလျှင် စက်ရုံတို့ကိုလည်း ပိတ်ထားပြီး၊ ဆေးရုံများမှလွဲလျှင် အလုပ်ရုံတော်တော်များများကို ပိတ်ထားရပြီ။ ကျောင်းများ၊ ဈေးများကို ပိတ်ထားပြီ။

တရုတ်နိုင်ငံ၏ စီးပွားရေးထိခိုက်ရသလို တရုတ်နိုင်ငံနှင့် ဆက်စပ်ပတ်သက် အလုပ်လုပ်နေရ သည့် ကမ္ဘာ့နိုင်ငံအများအပြား၏ စီးပွားရေးသည်လည်း သည်သို့ပင်ဖြစ်ချေမည်။ ကုန်စည် ကူးသန်းလုပ်ငန်းများမှအစ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတို့နှင့် ဆက်စပ်နေသည့် လုပ်ငန်းအရပ်ရပ်တို့သည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် လျော့နည်းကျဆင်း သွားဖို့ ဖြစ်နိုင်ချေများပြီ။ အတိုချုံးပြောရလျှင် တစ်ကမ္ဘာလုံး၏ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေကဏ္ဍအသီးသီးတွင် ကျဆင်းသွားလိမ့်မည်ဆိုသည်ကို အလွယ်တကူ ခန့်မှန်းလို့ရသည်။ နိုင်ငံတို့တွင် စီးပွားရေး ကမောက်ကမဖြစ်သည်ဆိုသည်နှင့် ရာဇဝတ်မှု၊ ဥပဒေစိုးမိုးရေး၊ နိုင်ငံရေး မတည်ငြိမ်မှု စသည်တို့က နောက်ဆက်တွဲပါလာတတ်သည့် ပြဿနာများ ဖြစ်ပေသည်။ စသည်တို့က ယနေ့ကမ္ဘာ၏ လက်ငင်းအနေအထားဖြစ်၏။

ဤသည်မှာ ယနေ့ကမ္ဘာ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေလည်းဖြစ်၏။ သည်လိုအခြေအနေတွင် နိုင်ငံတကာက ချက်ချင်းဆိုသလို အရေးယူဆောင်ရွက်မှုမျိုးစုံကို ကြံဆဆောင်ရွက်ကြ၏။ နိုင်ငံအလိုက်၊ အစိုးရအလိုက်သာမက လူတစ်ဦးချင်းစီကပါ ဘယ်လိုနေရာမှ ပါဝင်ဆောင်ရွက်ရမလဲဆိုသည်ကို ချင့်ချိန်ကြ၊ ဝိုင်းဝန်းကြ၏။

ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာပြဿနာ ဖြစ်ပွားသည်ဆိုသော သတင်းထွက်ပေါ်လာသည်နှင့် တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြိုင်ဘက်များဖြစ်ကြသော နိုင်ငံကြီးများကလည်း ချက်ချင်းဆိုသလို အကူအညီမျိုးစုံပေးရန် ကမ်းလှမ်းကြ၏။ ဆေးပညာရပ်ဆိုင်ရာ သုတေသနပြုမှုမျိုး၊ ဆေးဝါးသစ်ရှာဖွေဖော်ထုတ်ခြင်းမျိုး အစရှိသည့် အတူပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းမျိုးစုံကို ရှာဖွေကာကူညီကြ၏။

“ တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ပိုးမွှားပြဿနာကို ဝိုင်းဝန်းကူညီကြဖို့ ကမ္ဘာနှင့်အဝန်း ညီညွတ်စို့ ” ဟူ၍ နိုင်ငံတကာက ကြွေးကြော်စိုင်းပြင်းနေကြ၏။ ဥရောပသမဂ္ဂ၊ ကမ္ဘောဒီးယား၊ ဩစတြေးလျ၊ အမေရိကန်၊ စင်ကာပူ၊ တောင်အာဖရိက စသည့်နိုင်ငံများက အကူအညီပေးမည့် ကမ်းလှမ်းကြေညာချက်များ ထွက်ပေါ်လာ၏။

မိုက္ကရိုဆော့ဖ်၊ ဒဲလ်၊ လာအိုရီးယယ်၊ ကာဂရေးလ်အစရှိသည့် အမေရိကန်နိုင်ငံနှင့် ဥရောပ နိုင်ငံတို့မှ ထင်ရှားသော လုပ်ငန်းကြီးများက တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး တာဝန်ခံဌာနနှင့် တရုတ်ကြက်ခြေနီ အဖွဲ့အစည်းတို့သို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ သန်း လှူဒါန်းလိုက်သည်။ ကုသရေးနှင့် ကာကွယ်ရေးဆိုင်ရာတို့ကို ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ငါးသန်းအပါအဝင် လက်ငင်းလိုအပ်နေသော တရုတ်နှင့်အာဖရိကနိုင်ငံများသို့ ဘီလ်ဂိတ်နှင့် မယ်လင်ဒါဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ဆယ်သန်းပေးလှူမည်ဟု ကြေညာလိုက်၏။ ဂျပန်နိုင်ငံအခြေစိုက် အီလက်ထရွန်နစ် လုပ်ငန်းကြီးဖြစ်သည့် အင်နာဂိုရာကုမ္ပဏီကလည်း ဝူဟန်မြို့နှင့် ဟူပေပြည်နယ် ပြည်သူလူထုထံသို့ နှာခေါင်းစည်းများ ကုန်သင်္ဘောဖြင့် ပေးပို့လှူဒါန်းလိုက်၏။ နှစ်ပေါင်းလေးဆယ်ကျော် ညီအစ်မမြို့များအဖြစ် ရပ်တည်ခဲ့သော ဂျပန်နိုင်ငံ အိုအိတာမြို့ကလည်း နှာခေါင်းစည်းများနှင့်အတူ “အားတင်းထားပါ ဝူဟန်” ဟူသော စာတမ်းများရိုက်နှိပ်ထားသည့် အရေးပေါ်ကယ်ဆယ်ရေးသေတ္တာများကို ပေးပို့လှူဒါန်း၏။

ဤသည်တို့မှာ နိုင်ငံတကာမှ တရုတ်နိုင်ငံသို့ စာနာကူညီမှုအချို့ကို ကောက်နုတ်ဖော်ပြခြင်းသာဖြစ်ပါသည်။ များစွာသောနိုင်ငံတကာ ပြည်သူတို့က နည်းလမ်းအဖုံဖုံဖြင့် ကူညီနေကြသည်ဖြစ်၏။ လူသားတို့တွင်ရှိသည့် ယဉ်ကျေးမှု၊ လူသားချင်းစာနာတတ်မှု၊ ဓမ္မကိုအခြေခံသည့် လူပီသမှု၊ အမှန်တရားပေါ်တွင် ယုံကြည်ခြင်း အပြည့်ဖြင့် ရပ်တည်လုပ်ဆောင်တတ်သည့် ကိုယ်ကျင့်သီလတို့သည် သာမန်အချိန်များမှာထက် အရေးကြုံလာသောအခါများတွင် ထင်ထင်ရှားရှား ပေါ်ပေါက်တွေ့မြင်ရလေသည်။ တစ်နည်းအားဖြင့် အန္တရာယ်နှင့် လက်ငင်း ကြုံတွေ့နေရသူကို ကူညီခြင်းဖြင့် မိမိတို့ကိုယ်ကိုယ်လည်း ကူညီရာရောက်သည်သာပဲ ဖြစ်ပေသည်။

အများနှင့်ယှဉ်၍ အခက်အခဲအကျပ်အတည်းများ ပေါ်ပေါက်လာသည့်အခါ မိမိအတွက် ကိုယ်ကျိုးရှာမှု သက်သက်ထက်အများနှင့် စပ်လျဉ်းစဉ်းစားတတ်သည့် လေးနက်မှုဖြင့် မေတ္တာတရားတို့ကသာ မိမိနှင့်တကွသော လောကကောင်းကျိုးကို ဖော်ဆောင်နိုင်မည့် အမြော်အမြင်ကြီးမားမှု ဖြစ်ပေမည်။