နတ်မောက် ဖေဖေါ်ဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လျှော်ချောင်းကြီးကျေးရွာအုပ်စု လတံခွန်တိုင်ကျေးရွာတွင် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) အထက်တန်းကျောင်းဆောင်သစ် (သဇင်ဆောင်) နှင့် ကျေးလက်ဆေးပေးခန်း ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲ အချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် ဒု-ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မကွေးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးနှင့် အလှူရှင် ဦးအောင်ငြိမ်းတို့က အဆိုပါ အဆောက်အဦးများ ရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင် အေးတို့က နတ်မောက်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးက ကျောင်းဆောင်သစ် လှူဒါန်းပေးအပ်ခြင်းနှင့် ပတ်သက်၍ သင်ကြားမှု သင်ယူမှု အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လတံခွန်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်နီနီအောင်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသမိုင်းအကျဉ်းကို ရှင်းလင်းခြင်းနှင့် အထက်တန်းကျောင်းဆောင်သစ် (သဇင်ဆောင်)နှင့် ပတ်သက်၍ စာရွက်စာတမ်း များအား အလှူရှင် ဦးအောင်ငြိမ်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအောင်ကို ပေးအပ်လွှဲပြောင်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်၍ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး အထက်တန်း ကျောင်းဆောင်သစ် (သဇင်ဆောင်)နှင့် ကျေးလက်ဆေးပေးခန်းအလှူရှင် ဦးအောင်ငြိမ်းမှ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာတာဝန်ခံ ဦးတင်ဆန်းက ကျောင်းဆောင်နှင့် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်လှူဒါန်းပေး သည့် အတွက် ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ် လျှော်ချောင်းကြီးကျေးရွာအုပ်စု လတံခွန်တိုင်ကျေးရွာအလှူရှင် ဦးအောင်ငြိမ်းနှင့် ဇနီး ဒေါ်ကြင်ကြင် မိသားစုမှ ဆောက်လုပ်လှူဒါန်းသည့် အထက်တန်းကျောင်းဆောင် (သဇင်ဆောင်) အလျား (၁၀၀) ပေ၊ အနံ(၃၀) ပေ၊ အမြင့် (၁၂) ပေ ရှိပြီး ကုန်ကျငွေ သိန်း(၈၀၀) RC တစ်ထပ် သွပ်မိုး၊ အုပ်ညှပ်နှင့် ကျေးလက် ဆေးပေးခန်း အလျား (၄၅) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၂)ပေ ရှိပြီး ကုန်ကျငွေ သိန်း (၁၂၀၀)RC တစ်ထပ် သွပ်မိုး၊ အုပ်ညှပ် ဖြစ်၍ စုစုပေါင်း ကုန်ကျငွေ သိန်း(၂၀၀၀) ကုန်ကျခံ ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)