Skip to main content

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃-၂-၂၀၂၀ ရက်နေ့၊ နံနက် (၁၁:၂၅) နာရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၁:၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီ အထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီ အထူးကုဆေးရုံရှိ သီးခြားခန်းတွင် ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ပါသည်။

(အဆိုပါ အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၃၁-၁-၂၀၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင် ဆက်လက်ကုသရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

 Ref; Ministry of Health and Sports, Myanmar