Skip to main content

ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်    ဖေဖော်ဝါရီ   ၃

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အားကစားလေ့ကျင့်ရေးစခန်းသို့ အသီးသီး ရောက်ရှိကြသည်။

အဆိုပါတိုင်းရင်းသား ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့များအား (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဖျော်ဖြေရေး ဆပ်ကော်မတီများနှင့် ဌာနဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် လှိုက်လှဲစွာ ကြိုဆိုကြပြီး တည်းခိုဆောင်များအလိုက် နေရာချထားရေးကို စီစဉ်ဆောင်ရွက်ပေးသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များမှ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရောက်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ရောက်ရှိကာ မွန်းလွဲပိုင်းတွင်  ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်တို့ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး (ပြန်/ဆက်)