Skip to main content

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” တိုင်းရင်းသား ချစ်ကြည်ရေး ဖိတ်ခေါ်အသင်းလိုက် တိုက်ကွမ်ဒို ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

ရန်ကုန်  ဖေဖော်ဝါရီ  ၃

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” တိုင်းရင်းသား ချစ်ကြည်ရေး တိုက်ကွမ်ဒိုပြိုင်ပွဲကို တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း ပိုမိုရင်းနှီးချစ်ကြည် လာစေရန်၊ လူငယ်များ၊ ကလေးငယ်များ၏ ကာယဉာဏ ဖွံ့ဖြိုးမှု များအတွက် အထောက်အကူဖြစ်စေရန်၊ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” ၏ လှုပ်ရှားမှု ပုံရိပ်များတွင် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားလူငယ်များကိုယ်တိုင် ပါဝင်ဆင်နွှဲ နိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား ချစ်ကြည်ရေး ဖိတ်ခေါ်အသင်းလိုက် တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း ဘူရောင်းတိုက်ကွမ်ဒို အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးရီးယားနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ တိုင်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန်၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကယား ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းကျော်၊ အားကစားနှင့်ကာပညာဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာနှင့် တာဝန်ရှိသူများ၊ တိုက်ကွမ်ဒိုကစားသမား လူငယ်မောင်မယ်များမှ တက်ရောက် ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” တိုင်းရင်းသား ချစ်ကြည်ရေးဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲအား ကျင်းပပေးသည့် ကယားပြည်နယ်မှ ဒေါ်စိုးစိုးမြာကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုက်ကွမ်ဒိုအသင်းဉက္ကဋ္ဌကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယင်းတို့၏ ပူးပေါင်းဆောင် ရွက်မှုကြောင့် များစွာတိုးတက်လာပါကြောင်း ၊ အားကစား မောင်မယ်များအနေနှင့် ထူးချွန်ထက်မြက်သူများဖြစ်အောင် တာဝန်ရှိသူများက ပံ့ပိုးပေးသည့် အနေအထား တစ်ရပ် လည်းရှိပါကြောင်း၊ လူငယ်များအနေနှင့် ကြိုးစားလိုစိတ်များ ရင်ထဲကိန်းအောင်းသွားအောင် သက်ဆိုင်ရာ တာဝန်ရှိ သူများက ဖြည့်ဆည်းပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်ကိုလည်း အလားတူ ဖြစ်ပေါ်လာအောင် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတော်အကြီးအကဲများအနေနှင့်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းလျက်ရှိ ပါကြောင်း၊ အားကစားမောင် မယ်များအနေနှင့် မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း တင်ပြလိုသည်များရှိက တင်ပြပေး ရန် ဖြစ်ပါကြောင်း၊ သွေးချင်းတို့ရဲ့ပွဲတော်ဆီ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် တိုက်ကွမ်ဒိုပြိုင်ပွဲဖြစ်သည့်အတွက်လည်း ဆောင်ရွက်ပေးသူ များအားလုံးကို ကျေးဇူးများစွာ တင်ရှိပြီး မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုများကို ပြုလုပ်ပေး သွားမည်ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမြဟန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကိုးရီးယားနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” အထိမ်းအမှတ် တိုင်းရင်းသားချစ်ကြည်ရေး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်အားကစားသမား (၂၁၀) ဦး တို့အတွက် ငွေကျပ် (၂၁)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယားပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင် (၂၄)ဦး တို့နှင့် ကြီးကြပ်သူ (၆) ဦး အတွက် ငွေကျပ်(၃) သိန်း ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ပြီး ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ တိုက်ကွမ်ဒိုအသင်းမှ “ရှင်သန်မြဲစေ” တေးသီချင်းဖြင့် ကယားရိုးရာအကဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” တိုင်းရင်းသား ချစ်ကြည်ရေး တိုက်ကွမ်ဒိုအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်များအနေဖြင့် အသက်(၁၄)နှစ်အောက် အမျိုးသား(၂၀၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသမီး (၂၇၀) ကီလိုတန်း၊ အသက်(၁၇)နှစ်အောက် အမျိုးသား (၃၀၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသမီး (၂၀၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသား(၂၀၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသမီး (၂၇၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသား (၂၇၀) ကီလိုတန်း၊ အသက်(၁၄)နှစ်အောက် အမျိုးသား(၃၀၀) ကီလိုတန်းများ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလေး (ပြန်/ဆက်)