လွိုင်ကော် ဖေဖော်ဝါရီ ၃
ကယားပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် မဂ္ဂဇင်းစာမူရှင်များ၊ စာတည်း အဖွဲ့များ၊ ပြက္ခဒိန်ရိုက်ကူးရေး အဖွဲ့များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ (၄) နှစ်တာကာလအတွင်း အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများထဲမှ ထူးချွန်သူများနှင့် ဂုဏ်ပြုထိုက်သူ များအားဂုဏ်ပြုပေးလျက်ရှိပါကြောင်း၊ မဂ္ဂဇင်း ဆောင်းပါးရေးသားသည့်အခါတွင်လည်း နိုင်ငံတော်၏ မူဝါဒနှင်အညီ ပေါ်လွင်ထင်ရှားအောင် ရေးသားစေလိုကြောင်း၊ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အကြောက်တရားနှင့် အာနားစိတ်များ မရှိရန်လိုအပ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခဲ့သော်လည်း ပြီးပြည့်စုံမှုမရှိကြောင်း၊ လိုအပ်ချက်များ၊ အားနည်းချက်များကို အမြဲအလေးထားလျက် ဌာနဆိုင်ရာများဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မဂ္ဂဇင်း စာမူရှင်များ၊ စာတည်းအဖွဲ့များ၊ ပြက္ခဒိန်စာမူရှင်များသည်လည်း မီဒီယာတစ်မျိုးဖြစ်ပြီး ကယားပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ စာမူများရေးသားရာတွင် အချက်အလက်များ ပြည့်စုံရန်နှင့် လက်ရှိမြေပြင် အနေအထား ကို ရေးသားစေလိုကြောင်း၊ ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့များ အနေဖြင့်လည်း မြင်သာထင်သာရှိသော နေရာများအား တစ်နှစ်နှင့် တစ်နှစ်မတူအောင် ဖော်ဆောင်ပေးစေလိုကြောင်း၊ ဓါတ်ပုံပညာရှင်များ အနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများကို ရင်းနှီးမြှုပ်နှံသူများသိအောင် ချပြရေးသား ပေးစေလိုကြောင်းဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ၂၀၁၉ - ၂၀၂၀ ခုနှစ်၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ် စာမူရှင်များ၊ စာတည်းအဖွဲ့များ၊ ပြက္ခဒိန်ရိုက်ကူးရေး အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ပွဲ အခမ်း အနားတွင်ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကဗျာစာမူရှင်၊ ဆောင်းပါးစာမူရှင်၊ ဝတ္ထုစာမူရှင်၊ ကာတွန်းစာမူရှင်၊ ဓါတ်ပုံပညာရှင်၊ အလှမယ်၊ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် ပါဝင်သည့်သူများ၊ ပြက္ခဒိန်၊ ရိုက်ကူးရေး အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ မိမိတို့အရပ်သားအစိုးရ တာဝန်ယူသည့်ကာလတွင် ပညာရေးစနစ်သစ်အား အကောင် အထည်ဖော်ခဲ့ကြောင်း၊ သင်ရိုးညွှန်းတမ်းသစ်များ ရေးဆွဲပြဋ္ဌာန်းလျက်ရှိကြောင်း၊ ကလေးသူငယ်များ စာဖတ်အားနည်းသဖြင့် ကလေးများ စာဖတ်ရှိန်မြှင့်တင် လာအောင်တာဝန်ရှိသူများမှ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စာရေးဆရာမမဟူရာ (လွိုင်ကော်)၏ ကဗျာဖြစ်သော "လာလာလေ လာခဲ့လာခဲ့" ကဗျာအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ စာမူရှင်မဟူရာ (လွိုင်ကော်) နှင့်အတူပူးပေါင်း၍ တေးသီချင်းအဖြစ် ဖန်တီးနိုင်ရေးပေါင်းစပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ကဗျာစာမူရှင်၊ ဆောင်းပါး စာမူရှင်၊ ဝတ္ထုစာမူရှင်၊ ကာတွန်းစာမူရှင်၊ ဓါတ်ပုံပညာရှင်၊ အလှမယ်၊ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်တွင် ပါဝင် သည့် သူများ၊ ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့ဝင်များ၊ ပြက္ခဒိန် ရိုက်ကူးသည့် အလှမယ်များ စုစုပေါင်း (၈၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ (၁၈.၅) သိန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ကဗျာစာမူရှင်၊ ဆောင်းပါးစာမူရှင်၊ ဝတ္ထုစာမူရှင်၊ ကာတွန်းစာမူရှင်၊ ဓါတ်ပုံပညာရှင်၊ အလှမယ်၊ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် ပါဝင်သည့် မငုဝါအောင်နှင့် မသဇင်အေး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလေး (ပြန်/ဆက်)