Skip to main content

မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဆိုက်ဘာမှုခင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နှင့် ၃၅ ကြိမ်မြောက် ဆိုက်ဘာမှုခင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးအောင်ဒင်က JICA ပညာသင်ဟောင်းများအနေဖြင့် ဂျပန်နိုင်ငံတွင် သင်ယူလေ့လာခဲ့သော အတတ်ပညာများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို အသင်းသားများသို့ ဖြန့်ဝေပေးပြီး ဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းအသင်း၏ သမိုင်းကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးသုံးစွဲမှု အခြေအနေတို့ကို JICA ပညာသင်ဟောင်းများအသင်း အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က ရှင်းလင်း ဖတ်ကြားကြသည်။

ထို့နောက် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအဖြစ် “ဆိုက်ဘာ မှုခင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းနှင့် တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကာ၊ Cyber Crime ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရှင်းလင်းပေးသူ ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တက်ရောက်လာသူများကိုယ်စား အသင်းဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်းကို ၂ဝဝ၃ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး JICA အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ဖူးသူများအကြား ကွန်ရက်တည်ထောင်ခြင်း၊ နှစ်ပတ်လည်အထွေထွေညီလာခံများ၊ ပုံမှန် အစည်းအဝေးများကျင်းပခြင်း၊ JICA ၏ ဆောင်ရွက်မှုများအား ပူးပေါင်းဆောင်ရွက်ခြင်း၊ JICA ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်မည့်သူများအား သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ဂျပန်နိုင်ငံနှင့် ချစ်ကြည်ရေးဖလှယ်ခြင်း၊ ဂျပန်နိုင်ငံမှ စေလွှတ်သူများအားလက်ခံခြင်း၊ ဂျပန်ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ကျင်းပခြင်း၊ လူထုအကျိုးပြုပရဟိတလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ လူမှုဖူလုံရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကိစ္စရပ်များကို ဆောင်ရွက်နေသည့်အသင်းဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်၊ သုတေသန