ကျောက်ဖြူ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနှင့်အညီ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများ ကို ပိတ်သိမ်း နိုင်ရန်နှင့် လက်ရှိဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံးယာယီခိုလှုံရာစခန်းကို အောင်မြင်စွာပိတ်သိမ်း နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့သို့ ကွင်းဆင်းကြည့်ရှု ညှိနှိုင်းခြင်းများ ဆောင်ရွက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD လုပ်ငန်းအဖွဲ့များမှ တိုင်းရင်းသား လုပ်ငန်းရှင်များ နှင့် ပညာရှင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကျောက်ဖြူမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး က ကျောက်ဖြူဒေသ၏ အခြေအနေ၊ ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း၏ လက်ရှိအခြေအနေ၊ ပြန်လည် နေရာချထားရန်လျာထားသည့် မြေနေရာအနေအထားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာဖြစ်ပေါ် လာပုံနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ၊ အလေးထားဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ပြန်လည်နေရာချထားမည့် လျာထားမြေနေရာ အခြေအနေ၊ ရေထုတ်ပြွန်(၂)လုံးနှင့် ရေငန်တား တာဘောင်ဆည်ဖို့ခြင်း လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံး ယာယီခိုလှုံရာ စခန်းရှိ ကော်မတီအဖွဲ့ဝင်များ၊ ပြည်တွင်းနေရပ် စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ နေရာတစ်နေရာတွင် မငြိမ်းချမ်း ပါက တစ်နိုင်ငံလုံးငြိမ်းချမ်းသည်ဟု မဆိုနိုင်ပါကြောင်း၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်နေပါကြောင်း၊ မိမိတို့စတင်တာဝန်ယူစဉ်ကပင် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစသည့် လုပ်ငန်းကော်မတီ (၄) ခုဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို အစိုးရတစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါသဖြင့် လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ် ငန်းရှင်များ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွား ခဲ့သောကိစ္စ များကြောင့် လုပ်ငန်း ဆောင်ရွက်ချက်များတွင် နှောင့်နှေးမှုများကြုံတွေ့ခဲ့ရပါ ကြောင်း၊ ယာယီခိုလှုံရာစခန်း များသည် ယာယီသာဖြစ်သင့်ပြီး ကာလကြာရှည် ပါက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုထိ ခိုက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ဆောင်ရွက်မှုများသည် ရေရှည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတ ဖြစ်ရေးကို ဦးတည်လျက်ရှိရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ များဖြင့် ဆောင်ရွက်ရန်လို အပ်ပါကြောင်း၊ ယခုအခါပြည်တွင်းနေရပ်စွန့်ခွာ သူများ၏ စခန်းများကို ပြည်တွင်းနေရပ်စွန့်ခွာ သူများပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ဖော်ဆောင်ပြီး ဖြစ်ရာ လုပ်ငန်းစဉ် များချမှတ်ပြီး အကောင်အထည် ဖော်နိုင်ရေးအတွက် အကောင်းဆုံး မျှော်မှန်း၍ ညှိနှိုင်းဆောင်ရွက် မှုများမှ ရရှိလာသည့် အကောင်းဆုံး အဖြေများကိုလက်ခံပြီး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်းနှင့် ဆောင်ရွက်ကြရာတွင် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း အတွင်း၌ နေထိုင်လျက် ရှိကြသော ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထား ရေးနှင့်စခန်း ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်း များတွင် ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စခန်းရှိပြည်တွင်းနေရပ်စွန့်ခွာသူများက ပညာသင်ကြားရေး၊ စားဝတ် နေရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေး လိုသည့်အချက်များကို ဆွေးနွေးပြောကြား ကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံမြို့မိမြို့ဖများ၊ ကျောက်ဖြူ ကျောက်တစ်လုံး ယာယီစခန်းရှိ စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံ၍ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ သဘောထားအမြင်များကို ဆွေးနွေး ခြင်း၊ ညှိနှိုင်းခြင်းများပြုလုပ်ကြသည်။
ယင်းနောက် ကျောက်ဖြူမြို့နယ် ဒေသခံမြို့မိမြို့ဖများက ကျောက်တစ်လုံးယာယီ ခိုလှုံရာစခန်းကို ပြန်လည်နေရာချ ထားပေးမည့် လျာထားမြေနေရာ အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးက ပြန်လည် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောက်ဖြူ ကျောက်တစ်လုံးစခန်း၏ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဒေသခံ မြို့မိမြို့ဖများ၏ သဘောထားများ၊ စခန်းတာဝန်ခံ နှင့် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားများကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကျောက်တစ်လုံး IDP စခန်းရှိနေရပ်စွန့်ခွာ သူများကို ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့် အညီဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)