Skip to main content

၈ ကြိမ်မြောက် (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကျင်းပ ဖေဖော်ဝါရီ ၁၇၊ ၁၈ ရက်နေ့များတွင် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးခေါ်ယူရန် သဘောတူညီမှုရရှိ

ရန်ကုန် ဖေဖော်ဝါရီ   ၃

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ (NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ရက်တာကျင်းပသည့် ညှိနှိုင်းအစည်း အဝေးအပြီးတွင် သဘောတူညီချက် (၃) ချက်နှင့် မှတ်တမ်း (၂) ချက်တို့ကို ရလဒ်ကောင်းများ အဖြစ်ရရှိခဲ့ကြောင်း ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး မှသိရသည်။

NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ဒီနှစ်ရက်တာ အစည်းအဝေးမှာ သဘောတူညီချက် (၃) ချက်နဲ့ မှတ်တမ်း (၂) ချက်တို့ကို ရရှိအောင် စိတ်ရှည်စွာ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြတဲ့ အစိုးရနဲ့ NCA-S EAO နှစ်ဖက်ခေါင်းဆောင် ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ JICM အစည်းအဝေးရဲ့ သဘောတူညီချက် (၈) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ၊ အချိန်ဇယားတွေ ကို ဒီအစည်းအဝေးမှာ ချမှတ်နိုင်ခဲ့ခြင်းဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်ထားရှိတဲ့ သံန္နိဋ္ဌာန် ခိုင်မာမှုကို ပြသခြင်းပဲဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးအတွက်ထားရှိတဲ့ ကတိကဝတ်တွေကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

ထို့အတူ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် သဘောတူညီခဲ့ကြသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ EAO များ ပိုမိုပါဝင်လာရေးကိစ္စကို ဝိုင်းဝန်းနည်းလမ်းရှာနိုင်ခဲ့ပြီး လက်တွေ့ဆောင်ရွက်သွားဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ အစည်းအဝေးတွေ၊ လုပ်ငန်းဆောင်တာ အစီအစဉ်တွေကို ဆက်တိုက်ဆောင်ရွက်သွားဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရ နှင့်NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် ၈ ချက်အနက် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိနေသေးသည့် အချက်များကို ဖေဖော်ဝါရီ ၁၇၊ ၁၈ ရက်နေ့များတွင် ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူ၍ ဆက်လက်ညှနှိုင်းဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း ယနေ့ကျင်းပသည့် အစည်းအဝေးမှ သိရသည်။

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းအဖွဲ့များအနေနဲ့ JICM တုန်းက သဘောတူညီခဲ့တဲ့ အချက် (၈) ချက်ကို ဆက်ပြီး အကောင်အထည်ဖော်မဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီးတော့လည်း ကျွန်တော်တို့နှစ်ဖက် မူဘောင်လုပ်ငန်းစဉ်တွေကို အစည်း အဝေးမှာ တင်ပြဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်အစည်းအဝေးမှာ ဒီမူဘောင်တွေပေါ်မှာ ဆွေးနွေးလိုတဲ့ အချက်တွေကို သဘောတူညီမှု ရရှိတဲ့အပေါ် အသေးစိတ်ဆက်ဆွေးနွေးဖို့လည်း သဘောတူညီနိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကိုလည်း ၁၇၊ ၁၈ ရက်မှာ ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူဖို့ နှစ်ဖက်သဘောတူညီနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အစည်းအဝေးက အန်မတန်မှ ထိရောက် တယ် လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့  ဧပြီလမကုန်ခင်မှာ ညီလာခံကြီးကျင်းပနိုင်ဖို့ အတွက်လည်း UPDJC ၊ JMC ၊ နောက်အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီကျင်းပနိုင်ဖို့ နှစ်ဖက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူဆေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦး တို့တက်ရောက်ကြသည်။

အစည်းအဝေးအပြီးတွင်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ နှစ်ရက်တာ ကျင်းပခဲ့သည့် JICM အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်း ရေး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်