ရန်ကုန် ဖေဖော်ဝါရီ ၃
သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာ ရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ သြဝါဒကထာကို ချီးမြှင့်တော်မူရာတွင် သာသနာတော် နှစ် ၂၅၂၄၊ ခရစ်နှစ် ၁၉၈၀- ပြည့်နှစ်၊ မေလ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ရည်ရွယ် ချက် ဖြင့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးကြီးက “သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်” ဟူသော မူဝါဒကိုချမှတ်လျက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါကြောင်း။
အဆိုပါသံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများနှင့်အညီ နိုင်ငံတော်အဆင့်တွင် နိုင်ငံတော် သြဝါဒါစရိယအဖွဲ့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဟုဖွဲ့စည်း၍ အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်တွင် တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဝိနည်းဓိုရ် ဆရာတော်များကိုလည်း ရွေးချယ်နိုင်ခဲ့ပါကြောင်း။ ထိုသို့ရွေးချယ်ဖွဲ့စည်းခဲ့သော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် တို့ဖြင့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော သာသနာတော်အရေးကိစ္စကြီး (၃) ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း။
ထို့အပြင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ၁၉၈၁- ခုနှစ်တွင် ဝိနည်းဓိုရ်သင်တန်းနှင့် သံဃနာယက သင်တန်း တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ထိုသင်တန်းမှ ပို့ချချက်များကို စုစည်း၍ သံဃနာယကလက်စွဲကို ပြုစုကာ အတည်ပြုပြဋ္ဌာန်းခဲ့ ပါကြောင်း။ အခြေအနေအချိန်အခါအရ ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားလွှာများ ကိုလည်း ထုတ်ပြန်ပေးခဲ့ပါကြောင်း။ ထို့အပြင် ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများကို ဖြေရှင်းဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေခြင်းငှာ ဝိနိစ္ဆယလက်စွဲကိုလည်း အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း။ ထိုသို့ ဓမ္မစက်ဖြင့် သံဃာ့အဖွဲ့အစည်း စက်ယန္တရားကြီးကို လည်ပတ်စေနိုင် ခဲ့ ပါကြောင်း။
လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားလွှာများကို လေ့လာအားထုတ်မှုနည်း အချို့ဝိနိစ္ဆယအမှုတွဲများ၌ ဝိနိစ္ဆယအဖွဲ့သဘာပတိ၏ မှုခင်းမှတ်တမ်း မပါရှိခြင်း၊ နောက်ဆုံးစောဒနာလွှာ၊ သောဓနာလွှာ မတောင်းခံခြင်း၊ သက်သေ စုံလင်အောင် မစစ်ဆေးခြင်း စသည်တို့ကိုလည်း မကြာခဏ တွေ့ရတတ်ပါကြောင်း။ ဤသို့သော ဟာကွက် ပျော့ကွက်များသည် လုပ်ထုံးလုပ်နည်း စသည်တို့ကို အဖန်ဖန်အထပ်ထပ် ဖတ်ရှုလေ့လာမှု မရှိခြင်းကြောင့် ဖြစ်ကြရပါကြောင်း။ ထို့အပြင် အချို့သောသံဃနာယကများသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားလွှာများကို လေ့လာအားထုတ်မှု နည်းပါးသဖြင့် ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ်ပြုမှု၊ မပြုမှုတို့၌လည်းကောင်း၊ ကျောင်းထိုင်ဘုန်းကြီး တင်မြှောက်မှု တို့၌လည်းကောင်း ပီပြင်စွာဆောင်ရွက်မှုများ မပြုလုပ်နိုင်ကြသဖြင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ မရောက်ရှိသင့်ဘဲ ရောက်ရှိလာကြ သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေရသည်ကိုလည်း လေ့လာသိရှိနေရပါကြောင်း။
ဤကဲ့သို့ မလိုလားအပ်သော ပြဿနာရပ်များ မပေါ်ပေါက်အောင် (သို့မဟုတ်) နည်းပါးနိုင်သမျှ နည်းပါးအောင် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဝိနည်းဓိုရ် ဆရာတော်များ၊ လုပ်ထုံးလုပ်နည်းကျွမ်းကျင်၍ အရည်အချင်း မြင့်မားစေရန် ဤဗဟိုအဆင့် မွမ်းမံ သင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချရခြင်းဖြစ်ပါကြောင်း။
သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် မိမိတို့ဆိုင်ရာ လုပ်ငန်းကိစ္စတို့၌ လိမ္မာကျွမ်းကျင်သော စူးစမ်းနှိုင်းချိန်နိုင်သည့် ဉာဏ်ပညာနှင့် ပြည့်စုံသော စီမံခန့်ခွဲရန်လည်း စွမ်းနိုင်သော အရည်အချင်း ပြည့်ဝသည့် ပုဂ္ဂိုလ်များဖြစ်လာအောင် ဤဗဟိုအဆင့် မွမ်းမံသင်တန်းမှ ပို့ချသင်ကြားပေးသော အချက်အလက်များကို စိတ်ပါဝင်စား မှတ်သားလေ့လာ တော်မူကြ၍ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ နာယကဆရာတော် များ၊ ဝိနည်းဓိုရ် ဆရာတော်များအား ထပ်ဆင့်သင်တန်းများ ပြန်လည်ပို့ချ သင်ကြားပေးတော်မူကြလျက် လုပ်ထုံးလုပ်နည်း ကျွမ်းကျင်ကာ အရည်အချင်းပြည့်ဝသည့် သံဃနာယကများ၊ ဝိနည်းဓိုရ်များ ဖြစ်လာစေရန် သာသနာပြုစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူကြပါဟု လေးလေးနက်နက် တိုက်တွန်းပါကြောင်း မိန့်ကြားသည်။
ထို့နောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သင်တန်းသို့ တက်ရောက်လာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကဆရာတော်ကြီး များထံ သင်တန်းဆိုင်ရာ စာအုပ်များနှင့် စာရေးကိရိယာများကို ဆက်ကပ် လှူဒါန်းသည်။
သတင်းစဉ်