နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် Inter-national IDEA တို့ ပူးပေါင်း၍ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတို့ အကြား အပြန်အလှန်ချိတ်ဆက်မှု” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က ယခုဆွေးနွေးပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရားများ၊ နိုင်ငံတကာဥပဒေဆိုင်ရာမူသဘောတရားများ၊ ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် သက်ဆိုင်သောအကြောင်းအရာများကို ဗဟုသုတ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မိမိတို့ခုံရုံး၏ လုပ်ငန်းတာဝန်များ အနက် အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရားသည် အလွန်ပင်နက်နဲကျယ်ပြန့်ပါ ကြောင်း၊ ထိုကဲ့သို့ ပညာရပ်ဆန်ပြီး နက်နဲသည့် အခြေခံဥပဒေအနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရားများကို လေ့လာဆွေးနွေး ခွင့် ရမည်ဖြစ်သဖြင့် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက် အဓိပ္ပာယ် ဖွင့်ဆိုခြင်းတို့အကြား ဆက်စပ်မှုများကိုလည်း လေ့လာခွင့်ရရှိမည်ဖြစ်သဖြင့် အသိပညာ၊ ဗဟုသုတများရရှိမည်ဟု ယုံကြည် မိပါကြောင်း၊ International IDEA Myanmar နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပြီး IDEA အနေဖြင့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ထူထောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများ တိုးပွားလာစေရန် ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ခုံရုံးအနေဖြင့် အလွန် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ထို့နောက် International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ Center for Constitutional Transition မှ ဒါရိုက်တာ Mr.Sujit Choudhry က ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၊ တရားမဥပဒေ၊ အင်္ဂလိပ်ရိုးရာဥပဒေနှင့် တရားရေးဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းအခန်းကဏ္ဍ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏အခြေခံမူများ စသည့်အကြောင်းအရာများ ကို ဆွေးနွေးပြီး ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ နိုင်ငံတကာဥပဒေ သဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေများအကြား ဆက်နွှယ်မှုများနှင့် စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတ များ ရရှိလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေးအခေါ်များမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်