နေပြည်တော် ဖေဖော်ဝါရီ ၄
၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော် အားကစား ကျေးရွာရှိ စားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံရေး အနှစ်သာရရှိရှိဖြင့် ကျင်းပသွားမည့် အစီအစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ ခေတ္တတည်းခိုနေထိုင်သည့် တည်းခိုဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီ ရုံးခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ အပြန်အလှန် ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဖိတ်ကြားခြင်းဖြစ်ပြီး ကချင်ပြည်နယ်မှ ၆၂ ဦး၊ ကယားပြည်နယ်မှ ၈၀ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ဦး၊ ချင်းပြည် နယ်မှ ၄၀ ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၀ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၇၉ ဦး၊ စုစုပေါင်း ၄၁၁ ဦး ရောက်ရှိနေကြောင်း သိရသည်။
ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်၏ အထင်ကရနေရာများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော်ဗုဒ္ဓဂယာ၊ လွှတ်တော်အဆောက်အအုံ၊ စစ်သမိုင်း ပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ ကျောက်မျက်ရတနာပြတိုက်၊ Junction Center ၊ နေပြည်တော်မြို့မဈေး၊ တိရစ္ဆာန် ဥယျာဉ်နှင့် နေပြည်တော်ရေပန်းဥယျာဉ်တို့ကို သွားရောက် လေ့လာကြမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်း-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး၊
ဓာတ်ပုံ-ထန်းဖုန်