Skip to main content

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

လွိုင်ကော် ဖေဖော်ဝါရီ ၄ 

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ယမန်နှစ်များကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အနှစ်သာရပြည့်ဝစွာဆောင်ရွက်နိုင် ရေးသည် အဓိကကျပါကြောင်း၊ ကော်မတီများ၊ ဆပ်ကော်မတီများမှ လိုအပ်သည်များကို တင်ပြပေးရန်ဖြစ်ပြီး လိုအပ်သည်များ အကြံပြု ဆွေးနွေးနိုင်ရန်လိုပါကြောင်း၊ ယခင်နှစ်များက ကျင်းပခဲ့သည့် အခမ်းအနားများထက် ပိုမို ကောင်းမွန်စေရေးအတွက် အစည်းဝေးသို့ တက်ရောက်လာကြသူများက အကောင်းဆုံးဆောင်ရွက်နိုင်ရန် တင်ပြဆွေးနွေးစေလိုကြောင်း ကယားပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ထားသည့် အခြေအနေများ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ဆပ်ကော်မတီများအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ လုပ်ငန်း ကော်မတီ၏ ကော်မတီဝင်များနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်း၊ ဆပ်ကော်မတီအသီးသီးမှ မိမိတို့ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များအား ကော်မတီများ အလိုက် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် လှေလှော်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊   ပိုက်ကျော်ခြင်းပြိုင်၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းပြုလုပ်သွားမည့်အပြင် Union Day Peace Run (5) Kilometre အပြေးပြိုင်ပွဲကို အထူးပြိုင်ပွဲတစ်ရပ်အနေဖြင့် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းလေး(ပြန်/ဆက်)