Skip to main content

2019.nCoV. အဆုတ်ရောင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအဆင့် 2019.nCoV အဆုပ်ရောင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော 2019 Novel Coronavirus (2019 -nCoV) အဆုပ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ် ရေး လုပ်ငန်းများ၊ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျင်ရှိကြောင်း၊ 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးသည် စတင်ဖြစ်ပွားချိန်၌ လူအချင်းချင်း ကူးစက်မှုအနေဖြင့် တိကျခိုင်မာသော အထောက်အထား မတွေ့ရှိရသော်လည်း ဓာတ်ခွဲစမ်းသပ်နေမှုအခြေအနေအရ တိရိစ္ဆာန်မှ လူသို့ ကူးစက်နိုင်မှုအခြေအနေ များစွာရှိပြီး (၂၀-၁-၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ လူအချင်းချင်း ကူးစက်ကြောင်း အတည်ပြုခဲ့ကြောင်း၊ ယခုအချိန်ထိ ကာကွယ်ဆေးမရှိသေး၊ ကုထုံးလည်းမရှိသေးကြောင်း၊ ယခုဆိုလျှင် ပြည်သူလူထုက မြန်မာနိုင်ငံအတွင်း အဆိုပါရောဂါကူးစက်ပြန့်နှံမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေသလို လက်ရှိအခြေအနေနှင့် အဆိုပါရောဂါပိုး မကူးစက်အောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည် ကိုလည်း နေ့စဉ် media များမှတစ်ဆင့် ထုတ်ပြန်ကြေငြာပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း၌လည်း 2019-nCoV အဆုတ်ရောင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်ကို ရောဂါဖြစ်ပွားမှု မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ရန်၊ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရေးတို့အတွက် ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် ရန်၊ ရောဂါဖြစ်ပွားသည့် လူနာများအား လျင်မြန်ထိရောက်သည့် ကုသရေးလုပ်ငန်များ ဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းကူညီမှုအင်အားကို ယုံကြည်စွာနှင့် စီမံဆောင်ရွက်ပြီး၊ 2019 - nCoV အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်း အားဖြင့် အဆုတ်ရောင်ရောဂါမှ ကင်းဝေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအဆင့် 2019.nCoV အဆုပ်ရောင်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ပုသိမ်အထွေထွေရောဂါကု ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းဝင်းခိုင်က လူနာသီခြားဆောင် ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ပုသိမ်ထွေထွေရောဂါကု ဆေးရုံကြီးမှ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာအိအိမွန်က ဓာတ်ခွဲခန်းပြင်ဆင်ထားရှိမှုနှင့် ဓာတ်ခွဲစစ်ဆေး အတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲနမူနာများရယူရန် လမ်းညွှန်ချက်များကို လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဇော်လင်းထွန်းက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် 2019.nCoV အဆုပ်ရောင်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မြတ်မင်းထွန်းက မြတ်မော်တင်စွန်း ဘုရားပွဲတော်၌ အဆုပ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီးလွှတ်တော်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကာကွယ်ရေးကောမတီဥက္ကဋ္ဌ၊ တိုင်းအဆင့်ဌာနဆိုင်များ၊ ပါမောက္ခချုပ်များ (ပုသိမ်တက္ကသိုလ်၊ အစိုးရနည်းပညာ တက္ကသိုလ်၊ အစိုးရကွန်ပျူတာတက္ကသိုလ်)၊ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုကျောင်းအုပ်ကြီး၊ ကျန်းမာရေးမှူး အသင်း၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မောင်မောင်မြင့် (ပြန်/ဆက်)