လွိုင်ကော် ဖေဖော်ဝါရီ ၅
ခရီးသွားလာရေးကဏ္ဍ၊ အမျိုးသမီးများနှင့် လူငယ်များအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး အထောက်အကူပြုစေမည့် စီမံကိန်းကောင်းတစ်ခု ထောက်ပံ့ပေးရန်၊ ခရီးသွား လာရေးကဏ္ဍနှင့် သက်ဆိုင်သည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ တိုးတက် စေရေးလိုအပ်သည့် ကျွမ်းကျင်မှုနှင့် သတင်းအချက်အလက်များ ရရှိစေရေ၊ အမျိုးသမီးများနှင့် လူငယ်များ စွန့်ဦးတီထွင်လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့၏အလုပ်အကိုင် ရရှိမှုအခွင့်အလမ်းများ တိုးပွားနိုင်ရန်အတွက် လိုအပ်သောကျွမ်းကျင်မှုများ ရရှိလာစေရန် ရည်ရွယ်၍ ကယားပြည်နယ် အပါအဝင် ပြည်နယ် (၄) ခုနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (၂) ခု စုစုပေါင်း မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်းဒေသ (၇) ခုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကနေဒါ နိုင်ငံအခြေစိုက် Cuso International တို့ ပူးပေါင်း ဆောင်ရွက်မည့် “မျှဝေခြင်းစီမံကိန်း” အချက်အလက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက “မျှဝေခြင်းစီမံကိန်း” နှင့်စပ်လျဉ်းသည့် စီမံကိန်းကာလ၊ စီမံကိန်းအထောက်အပံ့များ၊ စီမံကိန်း ဒေသများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် ရရှိလာမည့် အကျိုးရလဒ်များ၊ သက်ဆိုင်ရာဌာနနှင့် Cuso International များ၏ လုပ်ငန်းတာဝန်များအပြင် စီမံကိန်း(၃)နှစ်ကာလအတွင်း နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေ များနှင့် အထောက်အပံ့များအား ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျှဝေခြင်းစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိဌာနများအနေနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်း ရည်ရွယ်ချက်တွင် ကျား/မ တန်းတူ ညီမျှရေးကဏ္ဍတွင် မိမိတို့ပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အစရှိသည့် အမျိုးသမီးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ ချမှတ်ထားသော မူဝါဒများနှင့်အညီ ဖော်ဆောင်ရန် လိုကြောင်း၊ မိမိတို့ပြည်နယ် အကျိုး၊ နိုင်ငံတော်၏ အကျိုးကို အမှန်တကယ်လိုလားသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် လမ်းညွှန်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး