Skip to main content

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲ မုံရွာမြို့တွင် ကျင်းပမည်

မုံရွာ ဖေဖော်ဝါရီ ၅

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲအား စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ(ရွှေလိမ္မော်ကျွန်း)၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ  ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“သစ်သီးဝလံနဲ့ပန်းမန်ပြိုင်ပွဲကို (၃)ရက်ကြာကျင်းပမှာဖြစ်ပါတယ်၊ မိမိတို့ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တဲ့ သီးနှံတွေကို ထုတ်ဖော်ပြသခွင့်ရပြီး တောင်သူအချင်းချင်းလည်းလေ့လာနိုင်ဖို့အတွက်ကျင်းပတာပါ၊ အခုနှစ်ပြိုင်ပွဲမှာလည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ပြိုင်ပွဲဝင်တောင်သူများနေနဲ့ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပြည်တွင်းမျိုးတွေ၊ နိုင်ငံခြားမျိုးတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်၊ ထူးခြားတဲ့ အသီး၊ အပွင့်၊ အရွက်၊ အပင်နဲ့ ဥတွေ ကိုလည်း လာရောက်ပြသနိုင်ပါတယ်၊ ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပြခန်းမှာ ကျင်းပသွားမှာပါ” ဟု စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

မုံရွာမြို့ ကန်သာယာ(ရွှေလိမ္မော်ကျွန်း) အတွင်းကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် သစ်သီးဝလံ နှင့်ပန်းမန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တောင်သူများအနေဖြင့် သစ်သီးဝလံပြိုင်ပွဲတွင် မိမိတို့ကိုယ်တိုင်စိုက်ပျိုးထားသော ဘူးသီး၊ ဖရုံသီး၊ သခွားသီး စိတ်ကြိုက် တစ်လုံးစီ၊ မုံလာပွင့် တစ်ပွင့်၊ ဂေါ်ဖီထုပ်စိတ်ကြိုက်တစ်ထုပ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ နိုကိုဥနှင့် ခရမ်းသီး တို့ကို ငါးလုံးနှုန်း၊ နဂါးမောက်သီးနှင့် သင်္ဘောသီးတို့ကိုသုံးလုံးနှုန်း၊ သံပုရာသီးနှင့်ရှောက်သီးတို့ကို ငါးလုံးပါ အတွဲတစ်တွဲနှုန်း၊ ငရုတ်သီး (၁၀)တောင့်၊ ဆီးသီးနှင့် ခရမ်းချဉ်သီး(၁၀)လုံးနှုန်းဖြင့်လည်းကောင်း၊ အာလူး၊ပိန်းဥနှင့် ဝဥတို့ကို(၅) လုံးနှုန်း၊ ငှက်ပျောသီး၊ အုန်းသီးနှင့်ကွမ်းသီးတို့ကိုတစ်ခိုင်နှုန်း၊ ပန်းမန်ပြိုင်ပွဲတွင်(ပန်းအလှ၊ အရွက်အလှ) အတွက် ပန်းအိုးတစ်အိုးနှုန်းဖြင့် လည်းကောင်း ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့ညနေ (၅)နာရီ နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပြခန်းသို့ လာရောက်ပေးပို့ရမည်ဖြစ်ကြောင်း  သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)