Skip to main content

စိတ်ထားကောင်းဖြင့် လောကကောင်းကျိုးဆောင်ကြဉ်း

“ကိုယ်တည်းတစ်ယောက်၊ ဆင်းရဲရောက်လို့၊ ကိုယ့်နောက်အများ၊ ချမ်းသာပွားမူ၊ တစ်ပါး ဖြစ်ထွေ၊ ဆင်းရဲစေတော့။ စိတ်နေခုလို၊ ဝမ်းဝယ်သို၍၊ ထိုထိုအလုပ်၊ လွန်ကြိုးကုတ်သော်၊ မဟုတ်သတင်း၊ လုပ်ဇာတ်ခင်းလျက်၊ ချင်းချင်းရဲ့ သံ၊ ကဲ့ရဲ့ သံကို နာခံမငြီး၊ ပြည်လုံးဟီးမျှ၊ ဝေးနီးအနှံ၊ ပျံ့အောင်ဖြန့်လည်း၊ မခံ့တဓူ၊ ခံ့တဓူနှင့်၊ ကြံ့ကြံ့ပုံသေ၊ ခံခဲ့ပေ၏။” ဟု အရှင် ဇနကာဘိဝံသ ဆရာတော်ကြီးက တစ်ဘဝ သံသရာကျမ်းငယ်တွင် ဖွင့်ဆိုခဲ့ပေသည်။ ဆရာတော်ကြီးသည် လောကလူသားအကျိုးဖြစ်ထွန်းရေး၊ သာသနာတော် တည်တံ့ပြန့်ပွားရေး အတွက် ကြီးမားသောဇွဲလုံ့လဖြင့် မပြတ်အားထုတ်ရာတွင် အမျိုးမျိုးအဖုံဖုံ ဝေဖန်တိုက်ခိုက်မှု များ၊ ကဲ့ရဲ့ပြောဆိုမှုများကို သည်းခံခဲ့ပြီး လောကဓံတရားနှင့်ပတ်သက်၍ “လူဟုဆိုလျှင်၊ လူလိုပင်သာ၊ လူတွင်တွေ့ရိုး၊ ကြောင်းအကျိုးနှင့်၊ ကောင်းဆိုးနှစ်တန်၊ လောကဓံကို၊ အမှန် တွေ့မြဲ၊ စိတ်ဝယ်စွဲ၍၊ ဝမ်းနည်းဝမ်းသာ၊ မများပါမှ။” ဟု သံဝေဂပွားခဲ့သည်။ ဆရာတော်ကြီး သည် နောင်အနာဂတ်ကို မြော်တွေး၍ နိုင်ငံအတွက်ရော သာသနာအတွက်ပါ ကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ သာသနာတော်ကိုအကြောင်းပြု၍ နိုင်ငံအေးချမ်း သာယာသည့်ဂုဏ် ကို လိုလားခဲ့သည်။ ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်က ခေတ်ကာလအဖြစ်အပျက်များကို လေးနက်စွာ စဉ်းစားခဲ့သည်။ စဉ်းစားသောအခါ များစွာသောလူသတ္တဝါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့ အပူဓာတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟပ်သဖြင့် သွေ့ခြောက်လုမတတ်ရှိရလေပြီဟု မိန့်မှာခဲ့သည်။ အမှန်တကယ်ပင် လောကလူသားတို့သည် ခေတ်ကာလပြောင်းလဲ တိုးတက်လာမှုများနှင့်အတူ သူတော်ကောင်းဓာတ်များ သွေ့ခြောက် ပျက်ပြယ်၍ အပူဓာတ်များ လွှမ်းခြုံလာသည်။ အပူဓာတ်ဟူသည် တစ်ယောက်နှင့်တစ်ယောက် မညှာတာနိုင်အောင်ဖြစ်သော လောဘ၊ ဒေါသ၊ မာန်မာနနှင့် ဣဿာ၊ မစ္ဆရိယ စသည်တို့ပင်ဖြစ်သည်။ ထိုအပူ ဓာတ်သည် ယခုဘဝတွင်သော ခြောက်ကပ်စေသည်မဟုတ် သံသရာတစ်လျှောက် နောင်ဘဝတို့၌လည်း ခြောက်ကပ် စေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အပူဓာတ်၏ အဖျက်စွမ်းအား အလွန်ကြီးမားသည်ကို သတိပြုရမည် ဖြစ်သည်။ အပူဓာတ်သည် ကူးလွယ်စေသည်ကိုလည်း သတိချပ်ရမည် ဖြစ်သည်။ ထိုအပူဓာတ်ကို ယခုဘဝတွင် စွမ်းနိုင်သမျှ ငြိမ်းသတ်လျက် မြင့်မြတ်သောစိတ်ထားဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဗြဟ္မစိုရ်အအေးဓာတ်မပြတ် စိမ့်စိုအောင် ကြိုးစားအားထုတ်သင့်သည်။ မိမိတို့၏ ရုပ်ခန္ဓာဘဝကျင်လည်ရာတွင် အပြင်ဘက်မှ အာရုံအကြောင်းနှင့် ရှေးရှေးက ကံ အကြောင်းဟု အကြောင်းနှစ်မျိုးရှိသည်။ ထိုနှစ်မျိုးသောအကြောင်းတို့တွင် အပြင်ဘက်၌ တွေ့ကြုံရသော အာရုံအကြောင်းများသည် အတွင်းစိတ် အမျိုးမျိုးဖြစ်အောင် အရိပ်အယောင် ပြရုံသာဖြစ်၍ အဓိကမကျလှပေ။ ကောင်းကောင်းဆိုးဆိုး အပြင်အာရုံတစ်မျိုးမျိုးနှင့်တွေ့သော်လည်း မိမိအတွင်း စိတ်ဓာတ် ကောင်းမွန်ဖို့သာ အရေးကြီးသည်။ ဆိုလိုရင်းကား “မိမိတို့အတွင်းစိတ်က အမြဲကောင်းမွန် နေပါမူ နောက်နောင်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းချည်းသာ ဖြစ်ရပေမည်။ တစ်ဘဝ ပြောင်းသော်လည်း စိတ်ကောင်း၊ ရုပ်ကောင်း (လူ၊ နတ်၊ ဗြဟ္မာ) အကောင်းချည်းဖြစ်ရမည်။ မိမိတို့အတွင်းစိတ်က ယုတ်မာဆိုးရွား နေပါမူ ရှေးရှေးက စိတ်ကောင်းအတွက် ယခုဘဝ ကောင်းလျက်ရှိသော်လည်း နောင်ဘဝတို့၌ စိတ်ဆိုးရုပ်ဆိုး (ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်) ချည်းသာ ဖြစ်ရမည်” ဟု ဆိုလိုသည်။ ထို့ကြောင့် မိမိတို့သည် လူဖြစ်လာသည်နှင့် ရှေးဘဝကုသိုလ်ကံ အကြောင်းကြောင့်သာ လူဖြစ် လာရခြင်းဖြစ်သည်ကို ဆင်ခြင်ရမည်ဖြစ်သည်။ အပြင်အာရုံ တစ်မျိုးမျိုးကြောင့် မကောင်းစိတ် ဖြစ်သော်လည်း မိမိတို့စိတ်ကို ဆင်ခြင်၍ ယခုဘဝ၊ တမလွန်ဘဝ ကောင်းသည့်ဘဝများ ရောက်အောင် ကောင်းသောစိတ်ထားများ ပြောင်းလဲမွေးမြူကြရမည်ဖြစ်သည်။ သို့မှသာ ယခုဘ၀၊ နောင်ဘဝများ ကောင်းကျိုး များကို တည်ဆောက်နိုင်မည်ဖြစ်ပြီး မိမိနှင့်လောက လူသားကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။ ။