ရန်ကုန် ဇန်နဝါရီ ၂
တတိယအကြိမ်မြောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀ (3rd Yangon International Gems & Jewellery Fair 2020)ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ လေးရက်တိုင်တိုင် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရတနာဈေးကွက်
မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက်ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာများ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများ ကမ္ဘာ့ ဈေးကွက်တွင် ထိုက်တန်စွာ နေရာရရှိရေး၊ မြန်မာနိုင်ငံတွင် ရတနာဈေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းတိုး တက်လာစေရေးနှင့် မြန်မာ့ကျောက်မျက်ရတနာများကို အရိုင်းသတ်သတ် ရောင်းချခြင်းမဟုတ်ဘဲ အချောထည်များအဖြစ် ထုတ်လုပ်ရောင်းချခြင်း အားဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူ များအားလုံး အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိလာစေရေး ရည်ရွယ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ (၄) ဒေါ်မြင့်သက်နိုင်က "နိုင်ငံတကာကျောက်မျက်လေလံပွဲတွေမှာဆိုရင် ကျွန်မတို့နိုင်ငံက ထွက်ရှိတဲ့ အရည်အသွေးအကောင်းဆုံးပတ္တမြား၊ နီလာ၊ ကျောက်စိမ်းတွေဟာဆိုရင် ဈေးနှုန်းအမြင့်ဆုံးရရှိပြီး စံချိန်တင် နေရာရယူခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ အခုချိန်ထိလည်း စံချိန် တင်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ စံချိန်တင်တင် ကိုယ့်နိုင်ငံအတွက် အကျိုးကျေးဇူးဆိုတာ သိပ်မခံစားခဲ့ရပါဘူး။ ဒါကြောင့်လည်း ကိုယ့်နိုင်ငံမှာ ကျောက်မျက်ရတနာဈေးကွက် ရာနှုန်း ပြည့်ဖြစ်ထွန်းမယ်ဆိုရင် ဒီကျောက် မျက်ရောင်းဝယ်ရေးကရရှိတဲ့ ရတနာ အခွန်တွေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါ တယ်"ဟု ပြောသည်။
အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၂၈ ခန်းဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာ၀ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းနှင့် အခြားရှားပါးကျောက်မျက်ရတနာ အတွဲပေါင်း ၇၄ တွဲကို ခင်းကျင်းပြသပြီး အနိမ့်ဆုံးကြမ်းခင်းဈေးအမေရိကန် ဒေါ်လာ ၂၀၀၀ မှစတင်ကာ အမြင့်ဆုံး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၂ သိန်းအထိ လေလံတင်ရောင်းချ သွားမည်ဖြစ်ရာ နိုင်ငံပေါင်း ၄၅ နိုင်ငံ မှ ကျောက်မျက်ကုန်သည် ၁၀၀၀ ကျော်နှင့် ပြည်တွင်းကျောက်မျက် ကုန်သည် တစ်သောင်းကျော်တို့ကို ဖိတ်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းပြပွဲကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်)က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် ကျောက်မျက်နှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ကျောက်မျက်ရတနာ ဒီဇိုင်းဖန်တီးမှုပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ရာ ပြပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ပိုင်းက Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ