Skip to main content

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၅) ရက်နေ့ည (၇) နာရီခွဲအချိန် သတင်းထုတ်ပြန်ချက်

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေသို့ (၁၅-၁-၂၀၂၀) ရက်နေ့မှ (၃၀-၁-၂၀၂၀) ရက်နေ့အထိ သွားရောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ အသက် (၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦးနှင့် ၎င်း၏ အသက် (၂၄) နှစ်အရွယ် မိခင်တို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ (၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ရန်ကင်းကလေး ဆေးရုံကြီးသို့ ညွှန်းပို့လွှဲပြောင်းကုသခဲ့ပါသည်။ ၎င်းတို့အား ဆေးရုံ၌ စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ အဆိုပါလူနာ (၂) ဦးအား စောင့်ကြပ် ကြည့်ရှု ကုသမှုများ ပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။

၃။ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

 

Ref; Ministry of Health and Sports, Myanmar