ဖားဆောင်း ဖေဖော်ဝါရီ ၆
ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖားဆောင်းမြို့၊ ဖားစည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွင် လုပ်ငန်းစဉ်(၈)ခု ရှိပြီး ၎င်းလုပ်ငန်းစဉ်များအနက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်ဖြစ်ရာ လူမှုရေးပင်စင်အပြင်၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ်လူနေမှုဘဝများအတွက် အထောက်အပံ့ ကောင်းများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အနေနှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ အသက်(၉၀) နှစ်နှင့် အထက်ဘိုးဘွားများကို (၁)လလျှင်(၁)သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၁၈ -၂၀၁၉ ခုနှစ်မှစ၍ အသက်(၈၅)နှစ်နှင့် အထက်ကို လူမှုရေးပင်စင်ပေးအပ်ခြင်းများကို ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အဘိုး (၃၂၃) ဦး၊ အဘွား (၂၄၁) ဦးကို ငွေကျပ်(၁၃၇၄၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် အဘိုး (၈၁၅) ဦး၊ အဘွား (၁၃၃၂)ဦးကို ငွေကျပ်(၆၄၄၁၀၀၀၀)ကို ထောက်ပံ့ပေး နိုင်ခဲ့ကြောင်း ၊ ယခု ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပထမ(၃)လပတ်တွင် အသက်(၈၅)နှစ်အထက် အဘိုး (၂၃၈)ဦးနှင့် အဘွား (၃၇၉)ဦးတို့ကို ထောက်ပံ့ငွေကျပ် (၁၈၅၁၀၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး အားလုံး အနေဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အခြေအနေများကို သိရှိပြီး မုဒိတာပွားနိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း၊ ယင်းထောက်ပံ့ငွေများ မရရှိသေးသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာသူများအနေနှင့် တင်ပြရန် ရှိသည်များကို ရဲရင့်ပွင့်လင်းစွာ တင်ပြစေလိုပြီး နိုင်ငံတော်အကြီးအကဲများ၏ စေတနာမေတ္တာများကို သိမြင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်တည်ဆောက်ရာတွင် အားလုံးမှ စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းကြစေလိုကြောင်းဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေခံစားခွင့် နှင့်စပ်လျဉ်း ၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးချန်ပဲ့က ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ် အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ကိုယ်စား မိခင်တစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များကို ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုအားပေး ခဲ့ကြသည်။
ထောက်ပံ့ငွေ ပေးအပ်မှုအနေဖြင့် ဖားဆောင်းမြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် CHDN မှ ကောက်ယူ ထားသည့် ကိုယ်ဝန်ဆောင်မိခင် (၄၂၉)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် (၄၉၅) ဦး အတွက် ရန်ပုံငွေကျပ် (၄၁၆၂၅၀၀၀) အား လည်းကောင်း၊ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁၆)ဦးတို့အတွက် ငွေကျပ်(၄၈၀၀၀၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်မြင့်မြင့်မော်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့၏ ကလေးငယ်များ၊ မြို့မမြို့ဖများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းလေး