Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်က

မယ်စဲ့ ဖေဖော်ဝါရီ ၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်သူနှင့် အစိုးရအကြား လိုအပ်ချက်များ၊ လိုလားချက်များရှိပါက ပေါင်းစပ်ညှိနှိုင်း အကောင်ထည်ဖော်စေလိုကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာတွင် အားလုံးတူညီသော အမြင်များဖြင့် လက်တွဲလျှောက်လမ်းစေလိုကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများကို ရည်ရွယ် ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်သည့် အရွေ့တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းတင်ပြရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်မြင့်မြင့်မော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို လက်ရောက်ပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။

မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉)ဦးအတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃)လစာအတွက် ငွေကျပ် ၂၇၀၀၀၀၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ် အောက်ကလေး စုစုပေါင်း(၃၁၁)ဦး အတွက် တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် (၃)လစာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

လေးငယ်များအား ထောက်ပံ့ငွေများပေးအပ်