Skip to main content

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးအ​ဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါအဆောက်အဦးသစ်ရုံးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ အဆောက်အဦသစ်ကို ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့က ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်​ပေးသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လွှတ်တော်ရုံး ကမ္ပည်းမှတ်တမ်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး လွှတ်တော်ရုံးအား လှည်လည်ကြည့်ရှုကြသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေသားဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ Transformer နှင့် မီးစက်လုပ်ငန်းများ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် တည်းခိုဆောင်နှင့် ၂ ခန်းတွဲ ၂ ထပ်အိမ်ရာတစ်လုံး၊ ၄ ခန်းတွဲ၊ ၂ ထပ်အိမ်ရာ ၂ လုံး၊ ရေနှင့် မီးရရှိရေး၊ လမ်း၊ တံတား၊ ရေမြောင်း၊ ကားပါကင်၊ မြေထိန်းနံရံလုပ်ငန်းများ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် လွှတ်တော်ခန်းမ၊ လွှတ်တော်ရုံး၊ အရာထမ်း အိမ်ရာ ၃ လုံးနှင့် ဂိတ်တံခါး များ ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော်ရုံးအဆောက်အဦး လှပတင့်တယ်စွာ တည်ဆောက်ပြီးစီးလာတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ခွင့်ပြုငွေများ ချထားပေးခြင်း၊ လွှတ်တော် တည်ဆောက်ရေး ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ PM Team နှင့် လွှတ်တော်ရုံးအဖွဲ့များအားလုံး ဟန်ချက်ညီ​ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့လို့ အောင်မြင်ခဲ့တာဖြစ် ကြောင်း ကျေးဇူးတင်ဂုဏ်ပြု စကားပြောကြားသည်။

ထိုနောက်လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များမှ တက်ရောက်လာကြ သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်​ကျော်ခိုင်နှင့် ဇနီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးလုပ်ငန်း များမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့်၊ ဝင်းကြိုင်၊ စိုးမင်းဦး