လွိုင်ကော် ဖေဖော်ဝါရီ ၇
ကယားပြည်နယ်၏ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ကုန်အထိ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)နှင့် ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလျာထားချက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ စီမံကိန်းလျာထားချက်တွင် ကျပ်(၃၉၁.၄)ဘီလီယံအထိရရှိရန် လျာထားခဲ့ပြီး သဘာဝသယံဇာတ ထုတ်ယူမှုကို လျော့ချခဲ့သည့်တိုင်အောင် အခြေခံအဆောက်အဦများ မြန်ဆန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပြည်နယ်၏ GDP တန်ဖိုးသည်လည်း တိုးတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးအစီအစဉ်များကိုလည်း ပြောင်းလဲဖော်ဆောင် နိုင်ခဲ့ပါကြောင်း၊ သဘာဝသယံဇာတအရင်းအမြစ် ထုတ်ယူသည့် စီးပွားရေးမှသည် ပြည်သူအများစု၏ အဓိက အသက်မွေးဝမ်း ကျောင်း လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ကိုလည်းကောင်း၊ ဒေသတွင်း လုပ်ငန်းငယ်များကို အကျိုးပြုစေမည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အဦများ ကိုလည်းကောင်း၊ ပြည်နယ်၏ရေရှည်ဖွံ့ဖြိုးမှု ထွက်ပေါက်ဖြစ်လာစေမည့် နယ်စပ်ကုန်သွယ် ရေးကိုလည်းကောင်း ဦးစားပေးဖော်ဆောင်သည့် မူဝါဒကိုကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း၊ အကျိုးရလဒ်အနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ဟိုတယ်၊ ပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ ရိုးရာလက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး စသည့်လုပ်ငန်းများ တွဲလျက်ဖွံ့ဖြိုးလာသဖြင့် ပြည်နယ်၏ စီးပွားရေးပုံသဏ္ဍာန်တွင် ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုး ပြောင်းလဲလာခဲ့ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှလည်း ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် ပြည်ထောင်စုမှ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသော အချက်များကိုလည်း ညွှန်ကြားဖြန့်ဝေထားပြီးဖြစ်၍ ဂရုပြုဖို့လိုပါကြောင်း၊ စီမံကိန်းပြက္ခဒိန်၊ ဘတ်ဂျက်ပြက္ခဒိန်ပါ လုပ်ငန်းစဉ်များအတိုင်း စီမံကိန်းလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ပြဌာန်းချက်များအတိုင်း လိုက်နာရေးဆွဲဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ကုန်အထိ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန်အဆိုပြုလျာထားချက်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ယခုလုပ်ဆောင်နေသော လုပ်ငန်းဆောင်ရွက် ချက်များနှင့် ဆက်လက်လျာထားလုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြကြောင်းသိရှိရသည်။
ထွန်းလေး(ပြန်/ဆက်)