Skip to main content

အကြမ်းဖက်သမားများ ရှင်းလင်းဖယ်ရှား

အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက်ခြင်းကို နိုင်ငံရေး ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေး အတွက် ကျင့်သုံးသူများ ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာမူ လွန်စွာလွယ်ကူ၍ လွန်စွာအားနည်းသော ပစ်မှတ်ဖြစ်သည့် ပြည်သူလူထုဖြစ်သည်။ ရက်စက်ကြမ်းကြုတ် ခြင်းနှင့် ခြောက်လှန့်ခြင်းတို့ကို နည်းဗျူဟာအဖြစ် ကျင့်သုံးကာ ပြည်သူလူထုအတွင်း အကြောက်တရားကို ဖန်တီးခြင်းဖြစ်ရာ အကြမ်းဖက်မှုတို့ကို ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲမှာပင် ကျူးလွန်ကြခြင်း ဖြစ်သည်။ အစိုးရကို ဦးတည်ပြီး ပြည်သူကို တိုက်ခိုက်ကာ နိုင်ငံရေး အကျိုးအမြတ်ကို ရှာဖွေခြင်းဖြစ်ရာ အကြမ်းဖက်ဝါဒကို ကျင့်သုံးသူ အား သူရဲဘောကြောင်သူများအဖြစ် သတ်မှတ်ကြသည်။

ယခုအခါ ဆူပူဆန္ဒပြမှုများ နည်းပါးသွားပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့မှု၊ ပစ်ခတ်ဖောက်ခွဲမှုတို့ ကျူးလွန်နေကြသည်များ ကိုသာ တွေ့မြင်နေကြရသည်။ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း များ၊ မိသားစုဝင်များ၊ တစ်ချိန်က ပြိုင်ဘက်ဟောင်း၊ အတိုက်အခံဟောင်းပါတီမှ ပါတီဝင်တို့၏အိမ်များ၊ ဆိုင်များ၊ ဒလန်/သတင်းပေး ဟု ထင်မြင်ယူဆသူများအပြင် ရန်ညှိုးရန်စ ရှိသူများကိုပါ ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ကြသည်။ မီးပုလင်း များဖြင့်ပစ်၍ မီးရှို့ဖျက်ဆီးကြ၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးကြသည်။ ကိုယ်နှင့်မတူသူကို ရန်သူအဖြစ် သတ်မှတ်ကာ အကြမ်းဖက်မှုများကို ကျူးလွန်ကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကျူးလွန်စေရန် အတွက်လည်း နောက်ကွယ်မှ ညွှန်ကြား သူက ညွှန်ကြားနေခြင်းဖြစ်သည်။ ကြားနေသူဟူ၍ မရှိကြောင်းနှင့် မိမိတို့ဘက်မပါသူများကို အဓမ္မဝါဒီများအဖြစ် သတ်မှတ်ချေမှုန်းရန် သွေးထိုးလှုံ့ဆော်မှုများကို လူမှုကွန်ရက်မှတစ်ဆင့် ညွှန်ကြားဖြန့်ဝေ မှုများကို တွေ့ရှိရသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားနေသည့် နိုင်ငံတစ်ခုတွင် လူတိုင်းမှာ နိုင်ငံရေးယုံကြည်ချက် အမျိုးမျိုး ရှိကြမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေလိုသူများလည်း ရှိကြသည်သာဖြစ်သည်။ မိမိတို့ ဆူပူလိုတိုင်း မဆူပူလိုသူများလည်း ရှိရာ မိမိကိုထောက်ခံခြင်း၊ မထောက်ခံခြင်းထက် အေးချမ်းစွာ နေလိုခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဆူပူမှုကို မယုံကြည် ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားသူများမှာ ၎င်းတို့၏နိုင်ငံရေး ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်သူများ အကြမ်းမှာပင် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေကြ လိမ့်မည်ဖြစ်သည်။ အုပ်ချုပ်နေသည့် အစိုးရ နာမည်ပျက်ရေး၊ လုပ်ငန်းစဉ်များ မအောင်မြင်စေရေးနှင့် နှောင့်နှေးကြန့်ကြာရေး၊ အစိုးရအပေါ် ပြည်သူလူထုအယုံအကြည် ကင်းမဲ့စေရေး၊ ပြည်သူလူထု အတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားနိုင်ရေးတို့အတွက် သတ်ဖြတ်မှု၊ ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မီးရှို့မှုတို့ကို ၎င်းတို့၏နည်းဗျူဟာ များအဖြစ် အသုံးချကာ ဆက်လက်ကျူးလွန်နေကြမည်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးဆောင်သည့်အစိုးရအဖွဲ့ သည် နိုင်ငံ့အာဏာကို မတရားရယူမှုမှ ထိန်းသိမ်းကာကွယ်ခဲ့ရသည့် အစိုးရဖြစ်သည်။ အာဏာကို အလိုရှိတိုင်းလက်မလွှတ်စတမ်းရယူ သွားမည်လည်းမဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထား သည့် ကာလအတိုင်းအတာ တစ်ရပ်အတွင်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်သွားကြရမှာဖြစ်သည်။ ယင်းကဲ့သို့ ထမ်းဆောင်ရာတွင် လည်း စမ်းတဝါးဝါးသွားမည်မဟုတ်။ ဦးတည်ချက်(၉)ရပ်နှင့် လုပ်ငန်းစဉ်(၅)ရပ်တို့ကို ချမှတ်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ တပ်မတော်က ဦးဆောင်ထားသော်လည်း စစ်ကောင်စီ စစ်အစိုးရ မဟုတ်။ တိုင်းရင်းသားများ အပါအဝင် နိုင်ငံရေးပါတီများမှ ထက်မြက်သည့် ခေါင်းဆောင်များ ပူးပေါင်းပါဝင် ဖွဲ့စည်းထားပြီး စုပေါင်း ခေါင်းဆောင်သည့်စနစ်ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကို ဖော်ဆောင်နေခြင်းဖြစ်ပေရာ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ ရပ်ရွာများ အေးချမ်းသာယာရေး၊ တရားဥပဒေ၏ အရိပ်အောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးတို့အတွက် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖော်ထုတ် ရှင်းလင်းရာတွင် ပူးပေါင်းပါဝင်နိုင်ကြစေရေးအတွက် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။