Skip to main content

(၇၃) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် ရှမ်းစာပေသင်ကြားပေးခဲ့သော ဆရာ/ဆရာမ များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပိန်းချစ်ကျေးရွာတွင် ကျင်းပ

လွိုင်ကော်    ဖေဖော်ဝါရီ ၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ စာပေနှင့်ဓလေ့ထုံးတမ်းများအား မပျောက်ပျက်အောင် ပြုစုပျိုးထောင်နိုင်ရေး တိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိရေးအတွက် အထူး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ယနေ့  နံနက် ၉ နာရီအချိန်က လွိုင်ကော်ခရိုင် ၊ လွိုင်လင်း လေးမြို့ ပိန်းချစ်ကျေးရွာ၌ ပြုလုပ်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းသော (၇၃) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သည့် ရှမ်း ဆရာ/မများအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပိန်းချစ်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ထံမှ သြဝါဒများ ခံယူကြသည်။ ယင်းနောက် ကယာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက (၇၃)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့နှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သော ရှမ်းဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားများပြောကြားပြီး ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ပတ်သက်၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယာက ဆရာမောင်မှ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကယားပြည်နယ်အတွင်း ရှမ်းစာပေယဉ်ကျေးမှု နှင့်ပတ်သက်၍ ဦးစီးဆောင်ရွက်ပေးခဲ့ကြသော ရှမ်းဆရာကြီးများ ၊ (၂၀၁၈-၂၀၁၉) ခုနှစ်တွင် ရှမ်းစာပေသင်ကြားပေးခဲ့သော ရှမ်းဆရာ/ဆရာမ(၃၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများက ပိန်းချစ် ကျေးရွာတွင် တပေါင်းပွဲ ကျင်းပပြုလုပ်ပြီး နှစ်စဉ်ဆွမ်း လောင်းလှူပွဲကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ဆွမ်းလောင်းပွဲတော်အား မကျင်းပနိုင်တော့သဖြင့် ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် လိုအပ်သည်များ ကူညီ ပံ့ပိုးပေးစေလိုကြောင်း၊ ထို့အပြင်ပိန်းချစ် ကျေးရွာ ရွာအဝင်လမ်းအား ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒီးမော့ဆိုမြို့နယ်မှငွေတောင်ကျေးရွာနေ ရှမ်းတိုင်းရင်းသားများ အနည်းငယ်သာရှိ၍ ယင်းတို့ အတွက် ဓမ္မာရုံမြေနေရာရရှိရေး ပံ့ပိုးကူညီဆောင်ရွက် ပေးစေလိုပါ ကြောင်း၊ ပိန်းချစ်ကျေးရွာ လျှပ်စစ် မီးတိုင်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသောမီးလိုင်းများ ဆောင်ရွက်ပေးနိုင်ရေး ပံ့ပိုးပေးစေ လိုကြောင်း၊ ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးဖိုဆောင်အဆင်မပြေဖြစ်နေသဖြင့် အဆင်ပြေစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒီးမော့ဆိုမြို့ နယ်၊ ဝမ့်လထွားကျေရွာ အရှေ့ပိုင်း မီးအား လုံလောက်မှုမရှိ၍ မီးအားပြည့်မီစွာ ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ နားဆုံကွေ့ရွာအဝင်လမ်း ကျောက်ချောလမ်း(၁)မိုင် ရရှိရေးဆောင် ရွက် ပေးစေလိုကြောင်း၊ သျှမ်းရိုးရာ ယဉ်ကျေးမှုပွဲတော် များကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြေနေရာရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာသည်ပညာရေး၊ စီးပွားရေး၊ လူမှုရေး နောက်ကျနေပြီး အနာဂတ်လူငယ်များအတွက် စိုးရိမ် နေမိပါကြောင်း၊ ထို့အပြင် ရွာလယ် လမ်းကောင်းမွန်စွာ မရှိသဖြင့် ကျောက်ချောလမ်းရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ရွာ၏နိမ့်ကျနေသည့် အခြေအနေများကို မြှင့်တင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးနိုင်မည့်အဖွဲ့အစည်းများစေလွှတ်ပေးစေ လိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကျိုင်းတုံကျေးရွာ ရွာလမ်းမကြီး ဘေးတစ်လျှောက် လမ်းမီးရရှိရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ပိန်းချစ် ရှေးဟောင်း စေတီတော် သန့်ရှင်းသပ်ယပ်စေရေး ပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း၊ ကွန်နားကျေးရွာ ရွာအလယ်လမ်း ပေ(၁၂၀၀)ပေ ကိုယ်ထူကိုယ်ထ ကွန်ကရစ် ခင်းထားပြီး (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ လိုအပ်သော ရန်ပုံငွေများကို ပံ့ပိုးပေးစေ လိုကြောင်း၊ ထို့အပြင်ကွန်နားအပေါ်ရွာလမ်းရရှိပြီး အောက်ရွာလမ်းမရရှိသဖြင့် ဆောင်ရွက် ပေးစေ လိုကြောင်း၊ ကွန်နားရွာဆည် ရေလွှဲမြောင်းများ အားကွင်းဆင်းစိစစ်ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အသီးသီး တင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ရန်ပုံငွေများ လျာထား ဆောင်ရွက် ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် ရှမ်းအမျိုးသားနေ့ဖြစ်မြောက်ရေးနှင့် ကယားပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဖြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လွိုင်လင်လေးဒေသ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများအတွက် ရန်ပုံငွေကျပ် (၃) သိန်း တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ရှပ်းစာပေသင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများနှင့် ပိန်းချစ်ကျေးရွာမှ တိုင်းရင်း ပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ထွန်းလေး