Skip to main content

သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်

နေပြည်တော် မေ ၁၁ အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များ ပေါကြွယ်ဝ သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် အရည်အသွေးပြည့်ဝလတ်ဆတ်သည့် သားငါးများကို ပြည်သူ များ ဝဝလင်လင်စားသုံးနိုင်ကြရန်လိုအပ်ကြောင်း၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ခြင်းသည် ပြည်တွင်းစားသုံးမှု သာမက ပို့ကုန်တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းက မအူပင်မြို့နယ် တလုပ်လှ ငါးလုပ်ငန်းစခန်း၊ တွံ့တေးငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်းစခန်းများမှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ငါးသုတေသန ပညာရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က သုတေသနလုပ်ငန်းသည် ကဏ္ဍတိုင်းတွင် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ တိကျသည့် သုတေသနကို အခြေခံ၍ မူဝါဒ များ စီမံကိန်း စီမံချက်များ ရေးဆွဲချမှတ်ခြင်း ၊ လုပ်ငန်းများ အကောင် အထည်ဖော်ခြင်း ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုး ကြောင့် သားငါးကဏ္ဍနှင့်ပတ်သက်သော သုတေသနများ အားနည်းခဲ့ကြောင်း၊ ယခုအခါ မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏအတွင်းမှစတင်၍ သားငါးကဏ္ဍနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ရာ ပညာရှင်များ အပိုင်းက ဝိုင်းဝန်း အားထုတ် ကြိုးပမ်းကြစေလိုကြောင်း၊ အဆိုပါ သုတေသနလုပ်ငန်းများကို တက္ကသိုလ်များ၊ စိတ်ပါဝင်စားသည့် ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ ရှိပြီး အရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်ရေး ၊ ပညာရှင်များ ၏ ကျွမ်းကျင်မှုနှင့် တာဝန် ကိုက်ညီ စေရေး၊ ဘဏ္ဍာငွေကြေးသုံးစွဲမှုအပိုင်း တိတိကျကျ စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆုံး စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေး ပြောကြားသည်။ မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်းစခန်း၊ တွံ့တေး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်းစခန်းများ ၌ ဒေသမျိုးရင်းဖြစ်သည့် ငါးမြင်းကို မျိုးအုပ်စုခွဲ၍ ယင်းတို့၏ သက်တန်းအလိုက် မျိုးပွားအင်္ဂါဖွံ့ဖြိုးမှု၊ သားပေါက်မှု တို့ကို သဘာဝရေပြင်နှင့် အနီးစပ် ဆုံး ပြုပြင်ထားသော ကန်များတွင် ထည့်သွင်းမွေးမြူ၍ သုတေသနလုပ်ငန်း ဆောင်ရွက် လျက်ရှိသကဲ့သို့ ပြည်တွင်းဈေးကွက်တွင် လူကြိုက် များနေသော ငါးပြေမနှင့် ငါးဘဲဖြူ ငါးများကို စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ငါးသားပေါက်များ ထုတ်လုပ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အလားတူ သဘာဝနည်း ၊ ဆေးထိုးသားဖောက်နည်း တို့ဖြင့် ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်း၊ ကောင်းမွန်သောငါးမွေးမြူရေး ကျင့်စဉ် (GAqP) နည်းပညာများ အကူအညီ ပေးခြင်း၊ မအူပင် တက္ကသိုလ်သတ္တဗေဒ ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိက ကုမ္ပဏီများ နှင့် ဒေသခံတောင်သူများ အား စာတွေ့လက်တွေ့ သင်တန်းများ ဆွေးနွေးပို့ချပေး ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ကုန်းကြီး ကျေးရွာအနီးရှိ တံခွန်တိုင်မျိုးသန့်ခြံသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှူးနှင့် ခြံတာဝန်ခံတို့က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်မှု အခြေအနေများ၊ တံခွန်တိုင်မျိုးသန့်ခြံ ၏ ရာသီအလိုက် စပါးသီးနှံ မျိုးကွဲအလိုက် မျိုးသန့်မျိုးစေ့ထုတ်လုပ်ပေးနိုင်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသအလိုက် ရာသီအလိုက် သင့်လျော်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ၊ မျိုးစေ့အထူးပြုကုမ္ပဏီများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်ရှိ တမြာလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို ကြည့်ရှုရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများက မြစ်ရေတင်လုပ်ငန်းဆိုင်ရာများ၊ ရေသွင်း ရေထုတ်မြောင်း တူးဖော်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။ ဧရာဝတီမြစ်ရေကို ရေပေါ်ရေတင်စနစ်(ပွန်တွန်း)ဖြင့် တင်ယူ၍ စိုက်ပျိုးမြေဧက ၃၀၀၀ ကို အကျိုးပြုနိုင်မည့် တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင်စတင် ဆောင်ရွက်ခဲ့ကာ စီမံကိန်းတစ်ခုလုံး၏ ၃၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ၂၀၂၂-၂၃ တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် စီမံကိန်းရှင်းလင်းဆောင်အနီးတွင် ဒေသနေပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စိုက်ပျိုး မွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မအူပင်မြို့နယ် ကုက္ကိုစုကျေးရွာ ၌ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှု လျော့ချရေး အတွက်အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာ လုပ်ငန်းစဉ် များ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကျေးရွာအဆင့် ခေါင်းဆောင်မှု သင်တန်းများ စီမံဆောင်ရွက်ပေးနေမှုနှင့် ကျေးရွာသောက်သုံးရေရရှိရေး ရေသန့်စင်စနစ် ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)