Skip to main content

အာဆီယံပါလီမန်များညီလာခံနှင့် နိုင်ငံတကာပါလီမန်များ ညီလာခံဆက်စပ် အစည်း အဝေးများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၁ ဘရူနိုင်းဒါရူဆလမ် ဥပဒေပြုကောင်စီက မေ ၂၄ ရက်တွင် ပြုလုပ်မည့် 4th AIPACODD Meeting ၊ စင်ကာပူပါလီမန်က မေ ၁၆ ရက်တွင် ပြုလုပ်မည့် 12th AIPA Caucus အစည်းအဝေး နှင့် မေ ၂၄ မှ မေ ၂၇ ရက်အထိ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံ( 142nd Inter-Parliamentary Union Assembly- IPU)နှင့် ဆက်စပ်အစည်းအဝေးများကို ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မေ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာသီတာဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် AIPA နှင့် IPU ဆက်စပ်အစည်းအဝေးများသို့ သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကဏ္ဍ အလိုက် ပါဝင်တက်ရောက်နိုင်ရေးနှင့် အစည်းအဝေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 4th AIPACODD Meeting နှင့် 12th AIPA Caucus များသို့ မြန်မာနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့တက်ရောက် နိုင်ပါရန် ဖိတ်ကြားလာသည့်အပေါ် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး IPU နှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ အမည်စာရင်း ကို ပေးပို့ထားကြောင်း သိရသည်။ (သတင်းစဉ်)