နေပြည်တော် မေ ၁၁ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း(Early Childhood Intervention- ECI ) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပ သည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၄ခုနှစ်တွင် ပြဌာန်းခဲ့သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒပါ မဟာဗျူဟာ(၁၀)ရပ်အနက် မဟာဗျူဟာ(၃)အရ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်မှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း အတွက် အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၁၇-၂၀၂၁)ကို ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်တွင် မိတ်ဆက်ဖြန့်ချိခဲ့ပါကြောင်း၊ (Early Childhood Intervention- ECI) ကို ပညာရေး၊ ကျန်းမာ ရေး၊ အာဟာရနှင့် အကာအကွယ်ပေးရေးနယ်ပယ်များတွင် ကဏ္ဍပေါင်းစုံ ပါဝင်သည့် ဝန်ဆောင်မှုများကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အဟာရချို့တဲ့ခြင်း၊ မသန်စွမ်းနှင့်အခြား လိုအပ်ချက်များရှိခြင်း စသည့် ဖွံ့ဖြိုးမှု နှောင့်နှေးဖွယ် ရှိသည့် မွေးစမှ (၅)နှစ်အရွယ် ကလေးများအားလုံးသည် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလား အလာများကို အပြည့်အဝရရှိရန်နှင့် အခွင့်အရေးများကို ခံစားရရှိနိုင်ရန်အရည်အသွေး မြင့်မားသည့် ECI ဝန်ဆောင်မှုများကို ရရှိနိုင်ရမည်ဆိုသည့် အနာဂတ်မျှော်မှန်းချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့ရှိ မြို့နယ်/ကျေးရွာ(၇)ခုကို ရှေ့ပြေးဧရိယာများအဖြစ် ရွေးချယ်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းသားများရွေးချယ်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ၊ လုပ်ငန်းခွင်သင် တန်းများ၊ မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးခဲ့ပါ ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် လျက်ရှိပြီး မဟာဗျူဟာပါ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို စနစ်တကျတိုင်းတာစစ်ဆေးပြီး အထူးစောင့်ရှောက်ရန် လိုအပ်နေသောကလေးသူငယ် များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးတို့အနက် အဓိကကျသည့် ဖွံ့ဖြိုးတိုး တက်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ဆိုသည့်အခွင့်အရေးများကို အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း၊ ရပ်ရွာဒေသများမှ ကလေးသူငယ်များ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိနေ စေရန်အတွက် ပုံမှန်ဆန်းစစ်မှသာ ဖွံ့ဖြိုးမှုနောက်ကျသော အထူးသဖြင့်ဖွံ့ဖြိုးမှု နောက်ကျရန် အလားအလာ ရှိနေသောကလေးများကို ဆောလျင်စွာတွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ ကလေး ငယ်များ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုပါကြောင်း၊ ECI လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ထားမှုနှင့် ပတ်သက်၍ လက်ရှိရှေ့ပြေးဧရိယာများတွင် ဆောင်ရွက်နေသည့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များသည်လည်း အရေးပါ ကြောင်း၊ ဝန်ဆောင်မှုဧရိယာ များတွင် လစ်လပ်နေသောဝန်ထမ်းများခန့်အပ်၍ သင်တန်း များပေးရန်၊ လုပ်ငန်းစီမံချက် ပြန်လည်စိစစ်ရေးဆွဲပြီး အမျိုးသားအဆင့်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအစည်းအဝေးနှင့် လုပ်ငန်း ကော်မတီ အစည်းအဝေးများတွင် တင်ပြသွား ရန်နှင့် ECI ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်တန့်စေခြင်းမရှိဘဲ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ECI ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့က ဆွေးနွေးကြပြီး ဆက်လက်၍ ECI ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် နေသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မြေပြင်အခြေအနေများကို တင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများအကျိုးရှိထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ECI သည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေတိုင်းတာစစ် ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ကိုယ်ဝန်ဆောင် ကာလ မှစ၍ ကလေးအသက် (၅)နှစ်အထိဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး အဆိုပါကာလ အတွင်း တိုင်းတာစစ်ဆေးခြင်းမပြုနိုင်ပါက ကလေးသူငယ်များဖွံ့ဖြိုးရေး အတွက် ပြန်လည်ပြုပြင် ပြောင်းလဲရန် ခက်ခဲပါကြောင်း၊ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန် ဖြစ်သည့် အဆိုပါကာလအတွင်းတိုင်းတာစစ်ဆေးခြင်းနှင့် ပြုပြင် ပြောင်းလဲခြင်း လုပ်ငန်းများ ကိုစနစ်တကျ အကောင်အထည် ဖော်နိုင်မှသာအနာဂတ် လူ့စွမ်းအားအရင်း အမြစ်အတွက် စိတ်ချရမှာဖြစ်ကြောင်း၊ တင်ပြချက်များအရဦးစားပေး အဆင့်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ ကဏ္ဍအားလုံးပါဝင် နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများပါဝင်သော ကော်မတီအစည်းအဝေးများ ကျင်းပပြီး လုပ်ငန်းများဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ (သတင်းစဉ်)