Skip to main content

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

လွိုင်ကော်   ဖေဖော်ဝါရီ   ၈

မြန်မာ့တို့၏ (၁၂) လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တပို့တွဲလရာသီ မြန်မာ့ရိုးရာ ထမနဲထိုးပွဲတော်အား  ယမန်နေ့ ညနေ ၃ နာရီက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီတော်မြတ် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအလ်ဖောင်းရှို ၊ ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊  ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက် (၁၉) ရပ်ကွက်မှ ထမနဲထိုး ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် အသင်းများ ၊ ဌာနဆိုင်ရာများကိုယ်စား ပါဝင်ယှဉ်ပြိုင်ကြသည့် (၁၇) ဌာနမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် လွိုင်ကော်မြို့ပေါ်ရှိ မိဘပြည်သူများ တို့ကလာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ မိမိတို့အသင်းအလိုက် ထမနဲထိုးဆောင်ရွက်မည့် နေရာများတွင် ပစ္စည်းကိရိယာ တန်ဆာပလာများဖြင့် ရောက်ရှိနေရာယူပြီး ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က မောင်းတီးအချက်ပေးကာ ပြိုင်ပွဲအားစတင်ခဲ့သည် ။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက ထမနဲထိုးခြင်းအား အပြိုင်အဆိုင် ပျော်ရွှင်စွာဆင်နွဲခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲတို့က ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထမနဲထိုးပြိုင်ပွဲကို အကဲဖြတ်ဒိုင်လူကြီး များမှ မြေပြင်အမှတ်ပေးစနစ်ဖြစ်သည့် နေရာခင်းကျင်းပြင်ဆင်မှု၊ သန့်ရှင်း သပ်ရပ်မှု၊ စည်းလုံးညီညွတ်မှု၊ အားပေးမှု၊ ဆိုင်းဘုတ်အလံစိုက်ထူခြင်း၊ ဝတ်စားဆင်ယင်မှု၊ စည်းကမ်းလိုက်နာမှု စသည့် စနစ်အပြင်၊ အဓိကအမှတ်ပေးစနစ်ဖြစ်သည့် ပြီးစီးချိန်၊ အရောင်၊ အနံ့၊ အရသာ စသည့် အမှတ်ပေးစည်းမျဉ်းများ နှင့် အညီ စိစစ်အကဲဖြတ် အမှတ်ပေးဆောင်ရွက်ခဲ့ကြ သည်။

မြန်မာ့ရိုးရာထနမဲထိုးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ရပ်ကွက်အသင်းများမှာ ပထမဆုရ ဧက(၅၀၀)ရပ်ကွက်အသင်း အား ဂုဏ်ပြုဆုငွေ(၂)သိန်း၊  ဒုတိယဆုရ နမ့်ဘော်ဝမ် (က) အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း(၅)သောင်း ၊ ပူးတွဲတတိယဆုရ နမ့်ကွတ်ရပ်ကွက်အသင်း ၊ ဈေးပိုင်းရပ်ကွက်အသင်း ၊ ရှမ်းစုရပ်ကွက်အသင်းတို့အား ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က လည်းကောင်း ၊ ပထမဆုရ ပြည်နယ်ရဲတပ်ဖွဲ့အသင်း ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း၊ ဒုတိယဆုရရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်း(၅)သောင်း ၊ ပူးတွဲတတိယဆုရ နည်းပညာတက္ကသိုလ်အသင်း၊ အခြေခံပညာအသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီကို ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် က လည်းကောင်း၊ နှစ်သိမ့်ဆု များရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများအား ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့် နှင့် ပြည်နယ်ဝန်ကြီးတို့က တစ်သင်းလျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သောင်းစီအာ ဂုဏ်ပြုချီးမြှင့်ပေးအပ် ခဲ့ကြသည်။

ယနေ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် လွိုင်ကော်မြို့ပေါ် (၁၉) ရပ်ကွက် နှင့် ဌာနဆိုင်ရာများ ကိုယ်စားပြု အသင်း(၁၇)သင်း တို့၏ ထမနဲများအား မိမိတို့၏ ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ကပ်လှူပူဇော် သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းလေး(ပြန်/ဆက်)