နတ်တလင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ တောင်ညိုမြို့သစ်မှ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက တောင်ညိုမြို့သစ် မျော်တော်တောင်ဘုရားဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က ယနေ့လာရောက်ခြင်းသည် ပြည်သူတို့၏ လိုအပ်ချက်တင်ပြမှုများကို လာရောက်ဖြေရှင်းပေးရန် လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး ဖြေရှင်းရာတွင် မတူကွဲပြားသည့်အရာများကို ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပြည်သူများမှ လျှပ်စစ်မီးရရှိရေး၊ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊ နတ်တလင်းမှ တောင်ညိုမြို့သစ်သို့ ကျောက်ခင်းလမ်း ရရှိရေး၊ အောင်ဇေယျာ အခြေခံပညာ အထက်တန်းကျောင်း တိုးချဲ့ဆောင်လုပ်ပေးရေးနှင့် တောင်ညိုရဲကင်းအား ရဲစခန်းအဆင့်အထိ တိုးမြှင့်ပေးရေးတို့ကို တင်ပြမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းအဆင့်၊ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ညိုဆည်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)