Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ  ဖေဖော်ဝါရီ  ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်နှင့် အလှူရှင် ဦးခင်မောင်လင်း+ဒေါ်ခင်အေးချို(အဉ္ဇလီဖြိုး) ဆောက်လုပ်ရေးကုမ္ပဏီမိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “နိုင်ငံတော်အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းစဉ်များတွင် မူလတန်းပညာသင်ယူပြီးမြောက်ပြီး အလယ်တန်း/အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့်သင်ယူခွင့်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များပါရှိသလို ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေဖို့ အတွက်လည်း ပါရှိသောကြောင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း မူဝါဒ(၃)ရပ် ချမှတ်ပြီး ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် လူမှုစီးပွား ဖွံ့ဖြိုးလာစေပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေဖို့ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်ပေါင်း(၅၇၆)ဆောင်အတွက် ကျပ်(၂၄၄၁၇ ဒသမ ၂၀၂) သန်း ပညာရေးဝန်ထမ်းအိမ်ရာ (၁၃)ဆောင်အတွက် ကျပ်(၅၃၃ ဒသမ ၄၂၉)သန်းရရှိခဲ့သည့် အတွက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျောင်းဆောင်(၃၄၇)ဆောင်အတွက် ကျပ်(၂၄၀၈၇ ဒသမ ၁ သန်း)၊ ဝန်ထမ်းအိမ်ရာ(၃၈)ဆောင် အတွက် ကျပ်(၁၅၄၆ ဒသမ ၂)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် (၁၅၀၃၄ ဒသမ ၃၇)ကျပ်သန်းတို့ကို ခွဲဝေချထားပေးခဲ့သည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်၍ တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းပေါင်း(၆၆၈)ကျောင်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မင်းကင်းမြို့နယ်တွင် အထက(ခွဲ)(၅)ကျောင်း၊ အထက(တွဲ)(၁)ကျောင်း၊ အလက(ခွဲ)(၃) ကျောင်း၊ မူလွန်(၈)ကျောင်း၊ အမက(၄)ကျောင်း စုစုပေါင်း(၂၁)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မင်းကင်းမြို့နယ် လက်ပံဆိပ် အခြေခံပညာမူလတန်းကို (၂၀၀၃)ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး (၂၀၀၄)ခုနစ်မှာ မူလတန်းလွန်ကျောင်း၊ ၂၀၁၀ ခုနှစ်မှာ အလက(ခွဲ)၊ ၂၀၁၇ ခုနှစ်မှာ အခြေခံပညာ အလယ်တန်းကျောင်းပွင့်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အထက်တန်းကျောင်း(ခွဲ)လျှောက်ထားတာကို တွေ့မြင်ရကြောင်း၊  ယခုလိုတိုးတက်လာရခြင်းမှာ ရန်ကုန်မြို့ မင်းပင်းနွယ်ဘွား (အဉ္ဇလီဖြိုး) ဆောက်လုပ်ရေးကုမ္ပဏီ ဦးခင်မောင်လင်း+ဒေါ်ခင်အေးချို မိသားစု၏ ကူညီမှုနှင့် မိဘပြည်သူများ၏ ပူးပေါင်း ပါဝင်မှုတို့ကြောင့် ယခုလို တိုးတက်လာတာဖြစ်ကြောင်း၊ အဆိုပါ မိသားစုတို့၏ ပညာရေးဌာန အပေါ် ကူညီပံ့ပိုးမှုများမှာ ၂၀၀၃ခုနှစ်မှာ(၁၂၀×၃၀×၁၂)(၁)ဆောင် ၂၀၀၄ခုနှစ်မှာ (၆၀×၃၀×၁၂)(၁)ဆောင်၊ ၂၀၁၂ခုနှစ်မှာ (၄၀×၃၀×၁၂)(၁)ဆောင်၊၂၀၁၉ခုနှစ်မှာ(၄၀×၄၀×၂၅)(၁)ဆောင်၊ ၂၀၁၉ခုနှစ် ဝန်ထမ်းအိမ်ရာ(၃၀×၂၀×၁၂)(၁)ဆောင် စာကြည့်တိုက်နှင့် ကွန်ပျူတာ(၂)ထပ်ဆောင်(၁)ဆောင် စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်းနှစ်ထောင်ကျော်ရှိသည့် ကျောင်းဆောင်သစ်ကြီးများနှင့် ဝန်ထမ်းအိမ်ရာများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပနေပြီဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် အဓိကကျသည့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ပြီး မိမိတို့ နိုင်ငံပညာရေးအဆင့်မြှင့်ရန်အတွက် နိုင်ငံသူနိုင်ငံသားများသည် မိမိတို့သင်ယူလိုသည်ဟူသော စိတ်ဓါတ်၊ သင်ယူ၍ရသည် ဆိုသော ယုံကြည်ချက်တို့ဖြင့် မိမိနိုင်ငံ၏ နောင်မျိုးဆက်များ ဆက်လက်အကျိုးရှိရန်အတွက် ဆောင်ရွက်သွားကြမည် ဟု ဆုတောင်း၍ ဆန္ဒပြုကြောင်းနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလှူရှင်များကို ဒေသခံပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြ စေကြောင်း ပြောကြားသည်။

ယင်းနောက် အလှူရှင် (အဉ္ဇလီဖြိုး) ဆောက်လုပ်ရေးကုမ္ပဏီ ဦးခင်မောင်လင်းက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပီတိစကားများ ပြောကြားပြီး လက်ပံဆိပ်ကျေးရွာသား ဦးဌေးလင်းမှ ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အလှူရှင် (အဉ္ဇလီဖြိုး) ဆောက်လုပ်ရေးကုမ္ပဏီ ဦးခင်မောင်လင်း+ဒေါ်ခင်အေးချို မိသားစုတို့က ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံကို ပေးအပ်ရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကင်းမြို့ရှိ ပုဂံခေတ် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူသော ရွှေစကားမြတ်စွာဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ရွှေသင်္ကန်းများကပ်လှူပူဇော်ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် မုံရွာမြို့ မဟာသုဘောဓာရုံကျောင်းတိုက် တည်ဆောက်ခြင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေါက်တာနန္ဒမာလဘိဝံသဆရာတော်ကြီးအား သိမ်ထပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မဟာသုဘောဓာရုံ ကျောင်းတိုက် ဆရာတော်ကြီးအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)