Skip to main content

ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းရှိ ဗက်လင်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ရှေးဦးစွာ လယ်ကုန်း-မလိယန်ရပ်ကွက်အတွင်း ဇီးအွန်နှစ်ခြင်း ဘုရားရှိခိုး ကျောင်းရှေ့၌ ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံပြီး မလိယန်လမ်း ပေ(၃၃၄၀)အား ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် လယ်ကုန်းရပ်ကွက်၊ ဗက်လင်ဘုရားရှိခိုးကျောင်း၌ လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး ဗက်လင်နှစ်ခြင်းအသင်းတော်သိက္ခာတော်ရဦးမိတုံနော်လီက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ကာ ဓမ္မတေးသီချင်းဖြင့် သီဆိုဆက်ကပ်ခြင်းနှင့် လီဆူနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးသောင်းဝူက အစိုးရအဖွဲ့အတွက် အထူးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ရပ်ကွက်အတွင်းရှိ ဗက်လင်နှစ်ခြင်းအသင်းတော်၊ စိန်ပေါလ်ကက်သလစ်အသင်းတော်၊ လီဆူနှစ်ခြင်းအသင်းတော်နှင့် ICM ခရစ်ယာန်အသင်းတော်တို့မှ ပြည်နယ်ဝန်ကြီးချုပ်အား ရိုးရာမဂွန်းရှလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်း၊ တံတားနှင့် လျှပ်စစ် မီးလင်းရေးတို့အပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ကြိုးပမ်းဖြည့်ဆည်းပေးခဲ့ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ငြိမ်းချမ်းရေးရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းအားလုံးတွင် ပြည်သူအားလုံးက မိမိတို့နှင့်အတူ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရပ်ကွက်နေပြည်သူလူထုကိုယ်စား ဦးဆာမိုးရယ်က လယ်ကုန်းရပ်ကွက်အတွင်း လမ်း သွယ်(၂)နှင့် ဗက်လင်ဘုရားကျောင်းလမ်းတို့အား ကတ္တရာလမ်းအဖြစ်ခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်