Skip to main content

ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော် အထွဋ်တင်မင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဝန်ကြီးချုပ်တက်ရောက်

ပန်းတောင်း  ဖေဖော်ဝါရီ  ၈

ယနေ့ နံနက်(၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွာသစ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သြဝါဒစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အောင်မြေဘုံဈာန် ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သြဝါဒစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များက ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် (၆၁၁၀၀၀၀/)သိန်း ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃)ပတ် ပူဇော်ပြီး စေတီတော်အထွဋ်သို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရထားပျံပန်းရထားဖြင့် တင်လှူပူဇော်ကြကြောင်း သိရသည်။

အဆိုပါ ဖိုးဦးတောင်စေတီတော်မြတ်ကြီးအား အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်က စတင် တည်ထားခဲ့ပြီး ကာလကြာသော် ဆင်ဖြူရှင်မင်းက ၁၁၃၆ခုနှစ် AD-1774 တွင်ပြုပြင်ခဲ့သည်။ ထို့နောက် အလှူရှင်များက ၂၀၀၀ခုနှစ် မေလ(၂၂)ရက်နေ့တွင်တစ်ကြိမ်၊၂၀၁၇ ခုနှစ် ဧပြီလ(၂၉) ရက်တွင် တစ်ကြိမ် ထီးတော် စိန်ဖူးတော်ငှက်မြတ်နားတော်တို့အား တက်ဆင်လှူဒါန်းပေးကြကြောင်းသိရသည်။

ဟိန်းထက်(ပဲခူး)