Skip to main content

2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌  ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) သို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုအချိန်၌ မိမိတို့သည် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် လည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေး ဌာနများနှင့် လည်းကောင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လက်ခံနိုင်ဖွယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေသည်ဟုသုံးသပ်နိုင်ပါ ကြောင်း၊ ယခုအချိန်၌ အားဖြည့်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးသည့် ကိစ္စရပ်မှာရောဂါ ဖြစ်ပွားသူများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အားအချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသော ကုသမှုများပေးနိုင်ရေးကြိုတင်ပြင်ဆင် ထားရှိရန် ဖြစ်ပါကြောင်း၊ ဝေဘာဂီအထူးကုဆေးရုံအပါအဝင် ဝန်ကြီးဌာနဆေးရုံများ၌ လူနာများပေါ် ပေါက်လာပါက အရေးပေါ် ကြပ်မတ် ကုသမှု၌ အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာ များကို လုံလောက်စွာ ရှိစေရန်နှင့် အဆင်သင့်ဖြစ်စေရန် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါကိစ္စရပ်အတွက် မိမိတို့ လက်ဝယ်ရှိနေသော ပြည်သူများမှလှူဒါန်းငွေများ အပြင် နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသော အရေးပေါ် ရန်ပုံငွေမှ အမြန်ဆုံးဝယ်ယူဖြည့် တင်းလျက်ရှိနေပါကြောင်း။

ဝန်ကြီးဌာနဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက် ဒေသများအားလုံးမှ ဝန်ထမ်းများသည် နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကြိုးပမ်း ဆောင်ရွက် နေမှုများကို သုံးသပ် ကြည့်ရှုရာ ကျေနပ်မှုရှိပါကြောင်း၊ ရန်ကုန်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဖေဖော်ဝါရီ ၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသောလေယာဉ်(၂) စီးမှခရီးသည် စုစုပေါင်း(၁၁၇)ဦးသာ ဝင်ရောက်လာခြင်း သည် ယခင်ကထက် သိသာစွာလျော့နည်းသွားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရောဂါပြန့်ပွားကူး စက်မှု ဖြစ်ပေါ်နေသော ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်မှုရှုထောင့်မှကြည့်လျှင် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်း များသို့ရောဂါ စောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် အားဖြည့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသည်များ၏ ရာခိုင်နှုန်းများစွာသည် ၎င်းတို့ ယခင်ကတည်းက ငှားရမ်း ထားသည့်အိမ်များသို့  သွားရောက်နေထိုင်သည်ကိုတွေ့ရှိရပါကြောင်း။

မိမိတို့၏ ဝန်ထမ်းများသည် ထိုသို့ နိုင်ငံတကာမှ ပြည်တွင်းသို့ဝင်ရောက်လာသူများ နေထိုင်ရာရပ်ကွက်များ၌ ပညာပေးလုပ်ငန်းများပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊ မိမိတို့၏ ဝန်ထမ်းများအနေဖြင့် တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများအား “ရောဂါ၏သံသယလက္ခဏာ များရှိသူများ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးအကြောင်းကြားရန်မှာ အထူးအရေး ကြီးကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွား သူမှ တည်းခိုခန်းနှင့် ဟိုတယ်ဝန်ထမ်းများ အပါအဝင် အခြားသူများထံ ရောဂါကူးစက် ပြန့်ပွားခြင်းကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း”တို့ကို အမြဲတမ်းအသိပေးနှိုးဆော် ပြောကြားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်သူများ တည်းခိုရာ၊ နေထိုင်ရာနေရာများနှင့်ရပ်ကွက်များတွင် ဖြန့်ဝေ ခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မိမိတို့ဖြန့် ဝေထားပြီးသော ကျန်းမာရေးအသိပညာပေး ပိုစတာများ၊ လက်ကမ်း စာစောင်များအား ပြည်သူ လူထုမှ ဖတ်ရှုမှု၊ နားလည်မှုရှိနှင့် အမှန် တကယ်လက်တွေ့အသုံးချဆောင်ရွက်မှု အခြေအနေများကို အသုံးချသုတေသနဖြင့် ရက်ပိုင်းအတွင်း သိရှိရန်ဆောင်ရွက်ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များ အပေါ် မူတည်၍ လိုအပ်သလိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ယခု အချိန်၌ ဤရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ များစွာသော လူမှုရေးအဖွဲ့ အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ပူးပေါင်းလုပ်ကိုင်နေမှုရှိသဖြင့် စနစ်တကျ တာဝန်ခွဲဝေသတ်မှတ်၍ ဆောင်ရွက်မှသာလျှင် ထိရောက်သော အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ် ပါကြောင်း၊ ဤကိစ္စကို ဗဟိုနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကြီးကြပ်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် ဤရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၅ ရက် မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တွေ့ရှိရသည့် စိန်ခေါ် မှုများ၊ အခက်အခဲများ၊ ပြဿနာများကိုအမြန်ဆုံး (၃) ရက်အတွင်းဆန်းစစ်ကာမိမိတို့ ဗဟိုအဖွဲ့ထံ တင်ပြရမည်ဖြစ် ပါကြောင်း၊ သို့မှသာ လိုအပ်သောပြုပြင်မှု၊ လုပ်ငန်းလမ်းညွှန်မှု များကို ချက်ချင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှုရှိသော ပြည်ပနိုင်ငံများမှ လာရောက်သူများအား ခွဲခြား၍ ဆက်ဆံခြင်းများ (stigmatization) များမရှိစေရန် မှာအလွန်အရေးကြီးပါကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံမှုများသာ ဤရောဂါ ကာကွယ်ထိန်း ချုပ်မှု၌ အကျိုးမရှိသည့်အပြင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနိုင်သည်ကို ပြည်သူ များမှသိရှိရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သက်ဆိုင်ရာ မြို့နယ် ဆရာဝန်များမှ ဦးဆောင်၍ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သူနာပြု၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များသည် သက်ဆိုင်ရာမြို့နယ် အတွင်း၌ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများ၊  အခြားနိုင်ငံမှ လာရောက်သူများ အများဆုံး နေထိုင်သည့် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဤကိစ္စရပ်သည် ရောဂါဖြစ်ပွားသူများကို စောစီးစွာထောက်လှမ်းနိုင်ရေးအတွက် အရေးကြီးသဖြင့် အထူး ဦးစားပေးအနေဖြင့် ယနေ့မှစ၍ မြို့နယ်ဆရာဝန်များကို တာဝန် ပေးအပ်ဆောင်ရွက်စေ လိုပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်ဆရာဝန်များ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို  တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများမှ ဦးစီး၍ အနီးကပ် ညွှန်ကြား ဆောင်ရွက် စေလိုပါကြောင်း၊ ကွန်ပျူတာဖြင့်မျှော်မှန်းတွက်ချက်ခြင်း လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွား သူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ခြေရှိသူများထံ ကူးစက် ပျံ့နှံ့နိုင်မှုအခြေခံနှုန်း (အာရ်သုည) တန်ဖိုးသည် အခြားကူးစက်မြန် ရောဂါများထက် မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတွက် ရောဂါဖြစ်ပွားမှု သံသယရှိသူ များအားအခြားသူများနှင့် ထိတွေ့မှုမှရှိစေဘဲရောဂါ ဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုမှုမှာ အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများကို အထူးသဖြင့် ပြောကြားလိုသည်မှာ ရောဂါဖြစ်ပွားမှုရှိ၊ မရှိကို(၁၄) ရက်တာကာလ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine)နှင့်သီးခြားခန်းတွင် ထားရှိခြင်းသည် ဤရောဂါကာ ကွယ်ထိန်းချုပ်မှု၌ အကျိုးရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း။

ထိုသို့ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများပေါ်ပေါက်လာပါက ချက်ချင်း ကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှ တစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့ သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ စောင့်ကြည့်လူနာများတွင် 2019-nCoV ရောဂါပိုးရှိ၊ မရှိဓာတ်ခွဲစမ်းသပ်မှု၌ ဤရောဂါပိုးမရှိသဖြင့် ဆေးရုံမှ ဆင်းခွင့် ရသောသူများအားလည်းလိုက်နာဆောင်ရွက်ရမည့် အချက်များကိုနှုတ်ဖြင့် ပြောကြားသည့် အပြင် လက်ကမ်းစာစောင်ကိုလည်းပြုစုထားရှိပြီးပေးဝေလျက်ရှိပါကြောင်း၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံး လုပ်နည်းများကိုပြုစုထုတ်ဝေ၍ ဖြန့်ဝေ လျက်ရှိရာဤလမ်းညွှန်များကိုတိုင်းဒေသကြီး၊ ပြည်နယ်နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များ၌ ဆောင်ရွက်ရန် ကိစ္စကိုသက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ် ဦးစီးမှူများကစီမံကြပ်မတ်၍ ဆောင်ရွက်စေလိုပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ဝေထားသောရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် ဓာတ်ခွဲနမူနာရ ယူခြင်းလမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်း များကို လည်းအချိန်နှင့် တစ်ပြေးညီသုံးသပ်၍ လိုအပ်လျှင်လိုအပ်သလိုပြုပြင် ထုတ်ဝေရ မည်မှာရောဂါဗေဒဆိုင်ရာ သဘောတရား နိယာမအရ အလွန်အရေးကြီးပါသဖြင့် တာဝန်ရှိသူ အသီးသီးကဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ မြို့နယ်အဆင့် တာဝန်ရှိသူများ အနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထု နားလည်နိုင်မည့် သတင်းအချက်အလက်များကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိမြို့နယ်များတွင် အသိပညာ ပေးစကားဝိုင်းငယ်များပြုလုပ်ခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း။

မိမိတို့ လုပ်ဆောင်ထားရှိသည့် အချက်များကို နေ့စဉ်မှတ်တမ်းထားရှိပြီး ဆောင်ရွက် ချက်ပြီးစီးမှုရှိ၊ မရှိကိုလည်း အမြဲတမ်းကြီးကြပ်ဆန်းစစ်၍ လိုအပ်သလိုဆက်လက်ဆောင် ရွက် စေလိုကြောင်း၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပံ့ပိုးရန် ကတိပြုထားသော နယ်စပ်၊ ဝင်ပေါက်/ထွက်ပေါက် များတွင် အသုံးပြုသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ရောဂါပိုးရှာဖွေရန် ဓာတ်ခွဲပစ္စည်းများနှင့် ဆေးရုံများတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ် ရေးကွန်ရက်ကို အသုံးပြု၍ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသောနယ်စပ်ဒေသများတွင် သံသယ လူနာနှင့် စောင့်ကြည့် လူနာများတွေ့ပါက လူနာညွှန်းပို့ရမည့် သတ်မှတ်ဆေးရုံများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ သိရှိစေရန် အတွက် ကြိုတင်အကြောင်းကြားထားရမည်ဖြစ်ပါကြောင်း။

ဆေးရုံကြီးများအနေဖြင့် ရောဂါကုသရေးလုပ်ငန်းရှုထောင့်နှင့်ပတ်သက်ပြီး မိမိတို့ ဆေးရုံတွင် ပြင်ဆင်ထားရှိမှုများ၊လိုအပ်ချက်များနှင့် နယ်စပ်ဒေသများရှိ ဆေးရုံများတွင် ထားရှိရန် ထပ်မံလိုအပ်မည့် ပစ္စည်း ကိရိယာများကို အမြန်ဆုံးတင်ပြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှလည်း ဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ယခုမြန်မာနိုင်ငံမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ရှိ၊ မရှိရည်ညွှန်း ဓာတ်ခွဲ ခန်းသို့ ပေးပို့ခဲ့သောဓာတ်ခွဲနမူနာများအနက်(၇)ခုမှာ 2019-NCoV ရောဂါပိုးမတွေ့ရှိဟု အဖြေရရှိပြီး ကျန်ရှိသောဓာတ်ခွဲနမူနာများအတွက်အဖြေစောင့်ဆိုင်းဆဲဖြစ်ပါကြောင်း၊ ဆက်လက်ပေးပို့ မည့် ဓာတ်ခွဲနမူနာများအတွက် ချိန်ကိုက်နမူနာရယူမှုများ ပိုမိုတိကျမှန်ကန်ရန်အတွက်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းထံမှ အကြံဉာဏ်များအမြန်ဆုံးရယူစေလိုပါ ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လုပ်ဆောင်ချက် များကို ဖတ်ရှုရလွယ် ကူစေရန် အကျဉ်းချုံးပြုစု၍ အခြားတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများသို့ ပေးပို့စေလိုပါကြောင်း၊ဝန်ကြီးဌာနမှ ဝန်ထမ်းများ အားလုံးကိုယခုလုပ်ဆောင်နေသော လုပ်ငန်းများသည် ပြည်သူများအားလုံးအတွက် အကျိုးအတွက် ဆောင်ရွက်နေသည်ကိုနှလုံးသွင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့် တင်ရေး ဌာနခွဲ၊ကုသရေး၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့်ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနချုပ်မှနောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့ မှုဆိုင်ရာကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ရောဂါကုသမှု ဆိုင်ရာ အတွက် ကုသရေးရှုထောင့်မှသုံးသပ်ချက်များ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဝင် ထွက်ပေါက်များမှဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှုအချက် အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှု နှင့် သတင်းပေးပို့နေမှုအခြေအနေများ၊ သံသယလူနာများနှင့်စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့် ဖြူးထားမှုအခြေအနေများ စသည်တို့ အပါအဝင်နောက်ဆုံး သတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများဆောင်ရွက်သည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခ ချုပ်/ ဆေးရုံ အုပ်ကြီး (ရန်ကုန်ဆေးရုံကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ပါမောက္ခချုပ်(ပြည်သူ့ကျန်းမာရေး တက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေး ဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံး သပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများဆောင်ရွက်သည်။

(သတင်းစဉ်)