နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံတွင် ကုမ္ပဏီအဖွဲ့အစည်းများက ထုတ်ဝေသော ကော်ပိုရိတ်ငွေချေး စာချုပ်ဈေးကွက်အစပျိုး ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် IFC တို့အကြား နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့် စာလွှာ (Advisory Engagement Letter) အား လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
စာလွှာကို မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ကိုယ်စားဥက္ကဋ္ဌ ဉီးမောင်မောင်ဝင်းနှင့် IFC ကိုယ်စား Country Manager for Myanmar (Acting), AshaniChanukaAlles တို့က လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
အဆိုပါ နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့်စီမံချက်မှာ သက်တမ်းအားဖြင့် (၃) နှစ်၊(၇) လကြာမြင့် မည်ဖြစ်ပြီး အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပထမအဆင့်တွင် ကော်ပိုရိတ် ငွေချေးစာချုပ်ထုတ်ဝေရာတွင် အသုံးပြုရမည့် ပုံစံများ ပြုစုရေးဆွဲပေးပြီး ကနဉီးစမ်းသပ်ထုတ်ဝေမှု (Pilot Project) ဆောင်ရွက်ခြင်းနှင့် ဒုတိယအဆင့်တွင် Qualified Investor များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သော ဈေးကွက်ဖြစ်သည့် Wholesale Corporate Bond Market ကို ဖော်ဆောင်ခြင်း တို့ကို ဆောင်ရွက်ပြီး၊ တတိယအဆင့်တွင် ပထမအဆင့်နှင့် ဒုတိယအဆင့်များ၏ အကောင်အထည် ဖော်နိုင် မှုနှင့် ဈေးကွက်၏ တောင်းဆိုမှုအပေါ်တွင် မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အကြံပေးမှုဆိုင်ရာ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာငွေလိုအပ်ချက်များကို ရှာဖွေနိုင်မည့် နည်းလမ်းများ တိုးတက်လာစေခြင်း နိုင်ငံအတွင်းအရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးလာခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)