နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စတုတ္ထအကြိမ် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ဂျပန် သံရုံးနှင့် JICA မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း၊ Myanmar Private Equity and Venture Capital Association၊ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ရန်ကုန် စတော့အိတ်ချိန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲသဘာပတိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က စတော့ဈေးကွက် ဖွံ့ဖြိုးတိုး တက်စေရန်နှင့် စတော့ရှယ်ယာဈေးကွက်အတွင်း ရှိနေသော စိန်ခေါ်မှုများ၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် စားပွဲဝိုင်းဆွေးနွေးပွဲကို (၃)လ တစ်ကြိမ် ကျင်းပခဲ့ရာ အခုအကြိမ်သည် (၄)ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲတွင် အစိုးရဌာနများ တင်ဒါခေါ်ယူသည့် အခါ စာရင်းဝင်ကုမ္ပဏီများတွင် အရည်အချင်းကို ထည့်သွင်းစဉ်းစားရေးကိစ္စ၊ အစိုးရ၏ ပစ္စည်းဝယ်ယူမှု စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းထည့် သွင်းဖော်ပြရန်ကိစ္စ။
စာရင်းဝင်ကုမ္ပဏီတွေမှာ ဝင်ငွေခွန်လျှော့ပေါ့ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထည့်သွင်း သင့်သော မဟာဗျူဟာကိစ္စများကိုဆွေးနွေးခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားများ ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုရေးကိစ္စ၊ ငွေချေးသက်သေခံ လက်မှတ်များ အရောင်း အဝယ်ပြုလုပ်ရာတွင် အခွန်ကောက်ခံမည့်နည်းစနစ်၊ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းမဝင်ရသေးသည့် အများပိုင်ကုမ္ပဏီတွေအတွက် Pre-listing Board တည်ထောင်ရန် ဆောင်ရွက်ထားမှုအခြေအနေနှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုချင်းစီက Key PerformanceIndicators များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များအပေါ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ တိုက်ရိုက်အကောင်အထည်ဖော်နိုင်သည့် ကိစ္စများရှိသလို ထပ်မံဆွေးနွေးရန်ရှိသည့် ကိစ္စများလည်းရှိနိုင်ကြောင်း၊ ယင်းတို့ကိုရေတိုရေရှည် အစီအမံများချမှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ အတိုင်းတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို စတင် ရောင်းဝယ်ခဲ့ရာယခုအခါ စာရင်းဝင်ကုမ္ပဏီ (၅)ခုတို့က ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (၆)ခုတို့မှ တစ်ဆင့် နေ့စဉ် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ထပ်မံဝင်ရောက်လာမည့်စာရင်းဝင် ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်