Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနကို စည်ကား သိုက်မြိုက် စွာ ဖွင့်လှစ်

ရန်ကုန်  ဖေဖော်ဝါရီ ၈

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် (၄၂၁/ဒီ) ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့က လူထုအခြေပြုဗဟိုဌာန ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြု ဗဟိုဌာန အဆောက်အအုံအတွင်းရှိ ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံး ခန်းမ၊ သင်တန်း ခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းနှင့်ကစားကွင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းမနှင့် လသာဆောင်တွင် စားပွဲတင်တင်းနစ်ကစားမှု၊ ကရာတေးဒို သရုပ်ပြမှုတို့ကို လှည့်လည်ကြည့် ရှုကြသည်။

ယင်းနောက် ဘက်စုံသုံးခန်းမ၌ ကျင်းပသည့် လူထုအခြေပြုဗဟိုဌာနဖွင့်ပွဲ အခမ်း အနား ဒုတိယပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့် အမှာစကား ပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဌာနကြီးလေးခုရှိပြီး မြန်မာ့ အသံနှင့်ရုပ်မြင် သံကြားသည်  အများပြည်သူကို သတင်းအချက်အလက်ပေးခြင်း၊ အသိ ပညာပေးခြင်း၊ ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက် ပါကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ် ဝေရေး ဦးစီးဌာန သည်လည်း ပုံနှိပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး ဌာန၏ ကျောင်းသုံး စာအုပ်များကို ရိုက်နှိပ်ထုတ်ဝေသည့်အပြင်  ရွေးကောက်ပွဲများအတွက် မဲလက်မှတ်များ၊ မဲစာရင်းများ ရိုက်နှိပ်ခြင်းကိုလည်း ဆောင်ရွက်ပါကြောင်း၊ ၎င်းဌာနရှိ စာပေဗိမာန် ဌာနသည်လည်း စာပေနှင့်ဆက်စပ်သော  လုပ်ငန်းများကို ဆောင်ရွက်နေ သဖြင့် ပုံနှိပ်ခြင်း သာမက အသိပညာပြန့်ပွားရေးကို လည်း ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသား စာပေဆု၊ စာပေဗိမာန်ဆု ချီးမြှင့်ခြင်းများတွင်လည်း ပါဝင်ဆောင် ရွက်ပါကြောင်း၊ ထို့အပြင် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းသည်လည်း မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို နေ့စဉ်ထုတ် ဝေဖြန့်ချိပြီး  သတင်း အချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေ ပါ ကြောင်း။

 နောက်တစ်ခုမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပင် ဖြစ်ပါ ကြောင်း၊ လူထုအခြေပြုဗဟိုဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြန်ကြားရေးနှင့်ပြည် သူ့ဆက် ဆံရေး ဦးစီးဌာနက ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဌာနသည် တိုင်း ဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတို့တွင် တည်ရှိပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများနှင့် တွဲဖက်၍ စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်ပါ ကြောင်း၊ ၎င်းဌာနသည် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရပါကြောင်း၊ ပြောင်းလဲလာသည့် အနေအထား၊ ဒီမိုကရေစီကူးပြောင်းရေးကာလတွင် လုပ်ငန်း ဆောင်ရွက်မှုကို တစ်ဖက်သတ်သဘောမျိုး မဟုတ်ဘဲ အပြန်အလှန်သဘောမျိုးဖြင့် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများကိုလည်း  Community Centre များအဖြစ် ပြီးခဲ့သည့်နှစ်ပိုင်းမှစ၍ ပြောင်းလဲ ဆောင်ရွက်ခဲ့ပါ ကြောင်း။

 ယနေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် စတင်ဆောင်ရွက်ခဲ့သည့် လူထုအခြေ ပြုဗဟိုဌာန အဆောက်အအုံကို ခမ်းခမ်းနားနားနှင့် တင့်တင့်တယ်တယ် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက် များကို ပြည်သူလူထုထံ ပြန်လည်အစီရင်ခံရသည့် တာဝန်ရှိပါကြောင်း၊    Community Centre များ တွင် အများပြည်သူ ဆုံတွေ့ကြပြီး အများပြည်သူ လိုလားသည့်အကြောင်း အရာ၊ စိတ်ဝင်စားစရာ အကြောင်းအရာများကို ဆွေးနွေး တိုင်ပင်ကာ ၎င်းသဘောထား ဆန္ဒများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ က ရရှိကြပါကြောင်း၊ ၎င်းမှ တစ်ဆင့် လွှတ်တော်များ၊ မူဝါဒချမှတ်သည့် နေရာများထံသို့ ဆက်လက်ပို့ဆောင်ခြင်း လည်းဖြစ်ပါ ကြောင်း။

Community Centre များမှတစ်ဆင့် ဒီမိုကရေစီပုံစံကို ပီပီပြင်ပြင် လုပ်ဆောင် နိုင်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် အများပြည်သူ ပါဝင်မှု အားကောင်းလေ၊ ဒီမိုကရေစီ ပိုမိုပြည့်၀လေ ဖြစ်ပါကြောင်း၊ အများပြည်သူ ဆန္ဒသဘောထားများ ဖော်ထုတ် ဖလှယ်နိုင်သည့် Community Centre များအဖြစ် မြင်တွေ့ရမည်ဖြစ်ပါ ကြောင်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) များကို သက်ဆိုင်ရာမြို့ နယ် များရှိ အများပြည်သူ ပြည့်ပြည့်၀၀ သုံးစွဲနိုင်ရန် ရည်ရွယ်ပါကြောင်း၊ လူကြီး လူငယ် မရွေး အသုံးပြုနိုင်ပါ ကြောင်း။

 ယနေ့ဖွင့်လှစ်သည့် Community Centre တွင် ရုပ်ပိုင်းဆိုင်ရာများ ပြည့်ပြည့်၀၀ ဖြစ်အောင် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ Community Centre ၏ အနှစ်သာရများ ကို ပြည့်၀အောင် ကြိုးစားဆောင်ရွက်နိုင်ရန်မှာ ဗဟန်းမြို့နယ်တွင်ရှိသည့် လူကြီး/ လူငယ်များ၊ ရန်ကုန်မြို့ တွင် ရှိသည့် လူကြီး လူငယ်များ၏ စိတ်ပါဝင်စားမှုအပေါ် မူတည်ပါကြောင်း၊ ယခုကဲ့သို့ တင့်တယ်ခမ်းနားသည့် Community Centre ဖြစ်မြောက် လာစေရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြသူများအားလုံး ကို အထူးကျေးဇူး တင် ရှိပါကြောင်း ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြား ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဗဟန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ပေါ်လာပြီဖြစ်ပါကြောင်း ၊ ပြည်သူလူထုအတွက် အကျိုးရှိအောင် အသုံးချရမည်ဖြစ် ပါကြောင်း၊ ဗဟန်းမြို့နယ်အတွင်းမှာရှိသည့် ပြည်သူများနှင့် ရန်ကုန်မြို့အတွင်းရှိ ပြည်သူများအားလုံး Community Centre တွင် လာရောက်စုရုံးကာ မိမိတို့၏ ရပ်ရွာ ဒေသ အကျိုးအားလုံး ဆွေးနွေးတိုင်ပင်စရာနေရာ တစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ကြိုးပမ်း ဆောင် ရွက်နေသည့် အချိန်ကာလဖြစ်ပါကြောင်း၊   အစိုးရအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ နိုင် မည့် နေရာများ ကို ကြိုးပမ်းဆောင်ရွက်သည့် နေရာတွင် ယခုကဲ့သို့ Community Centre တွေကိုလည်း မရှိမဖြစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ အစိုးရတာဝန်ယူခဲ့သည်မှာ သုံးနှစ်နှင့် ဆယ်လတာကာလကို ရောက်ရှိလာပြီဖြစ် ပါ ကြောင်း၊ ထိုကာလကို ရောက်ရှိလာသည်နှင့်အမျှ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့မှု ပိုမိုအားကောင်းလာပါကြောင်း၊ ယခုကဲ့သို့ Community Centre ပေါ်ပေါက်လာခြင်း အားဖြင့် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်ရေးတွင် Community Centre များသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု အနေဖြင့် မရှိ မဖြစ် လိုအပ်နေပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် Community Centre ကြီးသည် လူထုအတွက် အကျိုးပြုနိုင်သည့် ဒီမိုကရေစီထူထောင်ရေး အတွက် အခိုင်အမာ အုတ်မြစ်တစ်ခုလို ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးကို ယခု ထက် ပိုမိုအောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါ ကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူထုအခြေပြုဗဟိုဌာန (ဗဟန်း)   အဆောက်အဉီ ဒီဇိုင်းရေးဆွဲပေးသော  မြန်မာနိုင်ငံ ဗိသုကာပညာ ရှင် များ အသင်းအတွက်  ဥက္ကဋ္ဌ ဦးမော်လင်းအားလည်းကောင်း၊ ကွန်ပျူတာနှင့် စက်ကရိယာပစ္စည်းများ၊ ပရိဘောဂ များ လှူဒါန်း ပေးသော  Yangon Petrol မန်နေဂျာ ဒေါ်ကေသီညွန့်တို့ အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် `` လူထု အခြေပြု ဗဟိုဌာန (Community Centre)များကို အကျိုး ရှိ အောင် ဘယ်လို အသုံးပြုမလဲ´´ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရာ ရန်ကုန်တိုင်းဒေ သကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဦးဆောင်၍ MRTV-4 အစီ အစဉ်များတွင် ပါဝင်ကြသည့် သရုပ်ဆောင် ဖြိုးရာဇာနိုင် နှင့် ဝိုင်းရွှေရည် တို့က လည်း ကောင်း၊ အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကိုနှင့် မရတနာတို့ကလည်းကောင်း ဆွေးနွေး ပြောကြားကြ သည်။

အခမ်းအနားသို့   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ် စား လှယ်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   တိုင်းဒေသကြီး /ပြည် နယ် ရုံးစိုက် ရာ မြို့ကြီးများနှင့် အခြားမြို့များတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)  ၁၆ ခုကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ အဆင့်မြှင့် တင် ဆောင် ရွက်ပေးနိုင်ခဲ့သည်။

ယနေ့ ဖွင့်လှစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) သည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာန ဖြစ်သလို  ၁၇ ခုမြောက် လူထုအခြေပြုဗဟိုဌာနလည်း ဖြစ်သည်။ အဆိုပါ လူထုအ ခြေပြု ဗဟိုဌာန (ဗဟန်း)ကို နိုင်ငံတော် ဘဏ္ဍာငွေ မှ ငွေကျပ် ၄၈၄ ဒသမ ၁ သန်း အကုန်ကျခံကာ နိုင်ငံ တကာအဆင့်မီ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဒုတိယမြောက် လူထုအခြေပြုဗဟိုဌာနကို ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဆောက်လုပ် နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတွင်   ခရိုင်နှင့်  မြို့နယ် ရုံးပေါင်း  ၄၁၇  ရုံးရှိရာ အဆိုပါရုံးများကို ခေတ်မီသည့် အဆောက်အဦများ အဖြစ် အဆင့်မြှင့် တင်နိင်ခြင်း မရှိသေးသော်လည်း လူထုအခြေပြုဗဟိုဌာနများအဖြစ် လုပ်နိုင်သမျှ၊   တတ်စွမ်းသမျှဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

(သတင်း စဉ်)