နေပြည်တော် ၈ ဖေဖော်ဝါရီ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယဂဏာဓိပတိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရာမပါဠိ တက္ကသိုလ် တောင်ပေါ်ကျောင်းတိုက် ပဓနနာယကဆရာတော် သက်တော် ၈၂ နှစ်၊ သိက္ခာတော် ၆၂ ဝါရှိ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မာလင်္ကာရ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကို ယနေ့တွင် ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်များက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာ ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားဖွင့်လှစ်သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ မထေရ်မြတ်ထံက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးလွင်၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း တို့က စိန်ကတ္တီပါလွှမ်းခြုံပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဟင်္သာတမြို့၊ ဘိုးသိန်းတန် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓ မဟာထေရ်က ရွတ်ဖတ်ပူဇော်ပြီး ဓမ္မာနုဓမ္မမဟာဒွါရ နိကာယဗဟိုဌာန၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို ဟင်္သာတမြို့၊ လယ်တီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညဝန္တ က ဖတ်ကြားပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ကိုယ်စား ဝမ်းနည်းကြောင်းသဝဏ်လွှာ ဖတ်ကြား ပူဇော်သည်။ ယင်းနောက် ဆရာတော် ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို တောင်ပေါ်ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တ သာရ က ဖတ်ကြားပူဇော်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ကို လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဈာပနပူဇော်ပွဲ ကျင်းပရေးကော်မတီသို့ အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ကျုံပျော်မြို့နယ်၊ စက်ကျောင်း ပြာမလော့ဆရာတော် ဘဒ္ဒန္တဉာဏ ဇောတိက“ပစ္ဆိမဝန္ဒနာဂါထာ” ရွတ်ဖတ်ပူဇော်ခြင်း၊ ဇလွန်မြို့နယ်၊ သီရိမင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တ ကဝိန္ဒာစာရက အပြစ်ရှိလျှင် သည်းခံခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်လွှာ လျှောက် ထားခြင်း၊ ပရိသတ်အားလုံးက “ အနိစ္စာဝတ သင်္ခါရာ” အစချီသော သုံးဂါထာရွတ်ဆို သံဝေဂဉာဏ်ပွား များပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြတ်ပန်းတိုင် ဆရာတော် ဘဒ္ဒန္တဉာဏဝီရ က “အဘိယာစက နိမန္တနဂါထာ”ဖြင့် လျှောက်ထားပြီး အန္တိမအဂ္ဂိဈာပနကျင်းပရာ ဌာနသို့ အစီအစဉ်အတိုင်း ပင့်ဆောင်သည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်အားလုံးက“အနိစ္စာဝတ သင်္ခါရာ” အစချီသော သုံးဂါထာရွတ်ဆိုပွားများကာ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန မီးပူဇော်ပြီး အရိုးတော်နှင့် ပြာတော်များကို ရတနာရွှေအိုး၊ ငွေအိုးအတွင်း ထည့်သွင်း၍ ဥဒကပဝါဟန ရေမျှောပူဇော်ပြီး အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်