အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခု အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များသို့ ဝင်ရောက်တိုက်ခတ်သွားခဲ့ရာ ငါးဦး သေဆုံးသွားခဲ့သည်။ လူပေါင်းသန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းထားခဲ့သည့်အတွက် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀-၁၄၀ ခန့်အထိ လေတိုက်နှုန်းမြင့်မားခဲ့ပြီး မုန်တိုင်းဒီရေများ ဝင်ရောက်ခဲ့သော်လည်း အသေအပျောက်နည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း ဒေသတွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဟုဆိုသည့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရက်သတ္တ တစ်ပတ်ကျော်ခန့်ကာလတွင် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းတွေ င် မုန်တိုင်းအန္တရာယ်နှင့် ကြုံကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ထပ် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း စံချိန်တင်မိုးရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေပြီး ရေကြီးရေလျှံမည့် သဘာဝဘေးအန္တရာယ်ကျရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်ကိုလည်း သတင်း၌တွေ့ရသည်။
မိမိတို့နိုင်ငံတွင်လည်း မုတ်သုံလေ စတင်ဝင်ရောက်လာခြင်းနှင့်အတူ မိုးဦးရာသီရောက်ရှိလာပြီ ဖြစ်ရာ မုန်တိုင်း၊ မိုးသက်လေပြင်း၊ ရေကြီးရေလျှံ၊ မိုးကြိုးလျှပ်စီး အစရှိသည့် သဘာဝဘေးအန္တရာယ်များကို သတိပြုကြရတော့မည်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ ခြင်းနှင့်အတူ မိုးလေ၀သဖြစ်စဉ်များကလည်း ပို၍ပြင်းထန်၊ ပို၍ အကြိမ်ရေများလာသည်တို့ကို လွန်ခဲ့သည့်နှစ်အနည်းငယ်တို့တွင် မိမိတို့ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ နှစ်စဉ်ကျရောက်တတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်လေ့ရှိပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘီလီယံနှင့်ချီရှိကြောင်း၊ လက်ရှိရာသီဥတု အခြေအနေအရ မုန်တိုင်းနှင့်မိုးသက်လေပြင်းများ ကျရောက်လာမည့် အနေအထားများ ရှိနေကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာအလိုက် မိမိတို့ဌာနအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ဒေသ အလိုက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြရန် လိုကြောင်း၊ မကြာမီ မိုးတွင်းကာလရောက်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာမြို့နယ်များအလိုက် တံတားများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အစည်းများ နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ ကျခံသုံးစွဲနေရကြောင်း၊ ထို့အတူ လူ၏ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုကြောင်း” မေလ၂၀ရက်နေ့ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နှစ်စဉ်မုတ်သုံရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မုန်တိုင်း၊ မုန်တိုင်း ဒီရေ၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ ရုတ်တရက်ရေကြီးမှုစသည့် သဘာဝဘေးအန္တရာယ်များမှာ ဒေသအလိုက် တွေ့ကြုံခံစားကြရသည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အပြင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများကို ကြိုတင်မျှော်တွေးပြင်ဆင်မှုများ ပြုလုပ်ထားကြရန် လိုအပ်သည်။ ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ကောင်းမွန်သည်နှင့်အမျှ သဘာဝဘေးအန္တရာယ်ကျရောက်လာချိန်တွင် ထိခိုက်ခံစားရမှုနှင့် ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးသောအခြေအနေကို ရရှိနိုင်ကြမည် ဖြစ်သည်။
သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရစမြဲဖြစ်ရာ ယင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဌာနများ၊ တပ်မတော်နှင့်ပြည်သူတို့ တက်ညီလက်ညီ၊ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အန္တရာယ်မှန်သမျှတို့ကို ထိခိုက်မှု အနည်းဆုံးဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။ ။