Skip to main content

ဆဋ္ဌမအကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

မန္တလေး   ဇန်နဝါရီ     ၃

သားဖွားသင်တန်းကျောင်း(မန္တလေး) ဆဋ္ဌမအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို မန္တလေးမြို့၊ ၃၁ လမ်း နှင့် ၆၈ လမ်းထောင့်ရှိ သားဖွားသင်တန်းကျောင်း(မန္တလေး) တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုပြီး မန္တလေးဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာစန်းစန်းဝေက အမှာစကားပြောကြားသည်။ ထို့နောက် သားဖွားသင်တန်းကျောင်း(မန္တလေး) ပညာရေးအဖွဲ့ ဥက္ကဋ္ဌ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဦးက သင်တန်းသူများအား သူနာပြုကတိသစ္စာတိုင်ပေးပြီး သင်တန်းသူ (၆၇) ဦးအား ဒီပလိုမာ လက်မှတ်များပေးအပ်ကာ သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်သက်ဝေနှင့် ပါမောက္ခ/ဌာနမှူးများ၊ သားဖွားသင်တန်းကျောင်း(မန္တလေး)မှ တာဝန်ရှိသူများ၊ ဆေးရုံအသီးသီးမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးများ၊ သင်တန်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ဘက်စုံဒီပလိုမာသားဖွားသင်တန်းများအား ၁၉၅၈ ခုနှစ်မှ စတင်၍ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်တတ်မြောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဘက်စုံသားဖွားဆရာမ(၃၄၈၄)ဦး  အား လေ့ကျင့်မွေးထုတ်ပေးပြီး ဖြစ်ကြောင်း သိရပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဖြေဆိုအောင်မြင်ပြီးစီးခဲ့သော သင်တန်းသူများ ယခုအခါ ဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)