နေပြည်တော် ဖေဖော်ဝါရီ ၉
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် နေပြည်တော် ရေပန်းဥယျာဉ်၌ ပန်းပွဲတော်နှင့် ဖျော်ဖြေပွဲများကို ဖေဖော်ဝါရီ ၁၄ ရက် မှစတင်၍ မတ် ၃၁ ရက်အထိ တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ပထမအကြိမ်ကျင်းပမည့် ပန်းပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ပန်းအလှ ပြင်ဆင်မှုများနှင့် ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Sun Myat Tun Construction Group co.,Ltd မှ မန်နေဂျာ ဒေါ်နုနုဝင်းက “ပထမအကြိမ်ကျင်းပတဲ့ ပန်းပွဲတော်ကို စည်ကားအောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ပန်းပျိုးပင် မျိုးစိတ်ပေါင်း သုံးဆယ်ကျော်နဲ့ အပင်ပေါင်း နှစ်သိန်းကျော်ကို စိုက်ပျိုးထားပါတယ်။ ကလေးတွေ ပျော်ရွှင်စွာ ကစားနိုင်ဖို့ ကလေးကစားကွင်း ပါဝင်ပါမယ်။ ချစ်သူများနေ့မှာ ဖွင့်မှာဆိုတော့ လာရောက်လည်ပတ်တဲ့ ချစ်သူစုံတွဲတွေ အမှတ်တရဓာတ်ပုံရိုက်လို့ရမယ့် နေရာတွေ ပါဝင်မှာဖြစ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေလည်း ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံးကို ပွဲတော်ကာလအတွင်း လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
နေပြည်တော် ရေပန်းဥယျာဉ် ပန်းပွဲတော်တွင် နိုင်ငံကျော် တေးသံရှင်များက ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီမှစတင်၍ ည ၁၁ နာရီ အထိ သီဆိုဖျော်ဖြေသွား ကြမည်ဖြစ်ပြီး Myanmar Idol မှ တေးသံရှင်များက မတ် ၃၁ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တို့တွင် အခမဲ့ သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။
ပန်းပွဲတော် ကာလအတွင်း လာရောက်လည်ပတ်ကြသူများအနေဖြင့် နေပြည်တော် ရေပန်းဥယျာဉ် ပုံမှန်ဝင်ကြေးဖြစ်သည့် လူကြီး၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၁၅၀၀ သာ ကျသင့်မည် ဖြစ်ပြီး ငါးနှစ်အောက်ကလေးများကို အခမဲ့ ဝင်ခွင့်ပြုမည်ဖြစ်သည်။
ထို့ပြင် ပန်းပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်သူများ အစားအသောက် အခက်အခဲမရှိစေရန် စားသောက်ဆိုင် ခန်း များကိုလည်း ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း လာရောက်လည်ပတ်နေသည့် နေပြည်တော် ကံ့ကော်အိမ်ရာမှ မဟန်နီစိုးက “ကျွန်မတို့အဖွဲ့က ပန်းပွဲတော်မတိုင်မီ ထူးခြားတဲ့ပန်းပြင်ဆင်မှုတွေကို ကြည့်ချင်တာနဲ့ လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။ နိုင်ငံကျော် တေးသံရှင်တွေ လည်း ဖျော်ဖြေကြမှာဖြစ်ပြီး ပထမအကြိမ်ကျင်းပတဲ့ ပန်းပွဲတော်ဆိုတော့ လာရောက်သူတွေများမယ် ထင်ပါတယ်။ ပွဲတော်မှာ မြင်တွေ့ ရမယ့် အလှအပရှုခင်းတွေကို ကြိုတင် မြင်ယောင်ပြီး ရင်ခုန်မိပါတယ်”ဟု ပြောသည်။
ပထမအကြိမ် ပန်းပွဲတော်နှင့် ဖျော်ဖြေပွဲများကို နေပြည်တော်ရှိ ဝန်းထမ်းများနှင့် ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူ များအပြင် ပြည်ပခရီးသွား ဧည့်သည်များပါ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရေပန်းဥယျာဉ်ကို ပြည်သူများ အပန်းဖြေနားနေနိုင်ရန်နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။
သတင်းနှင့် ဓာတ်ပုံ ဟိန်းမင်းစိုး