Skip to main content

လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနေသော အမရပူရမြို့ဆောင်းဒါး ရက်ကန်းနှင့် အသက်အမွေးပညာသိပ္ပံ မှ သင်တန်းသား/သူများ ခေါ်ယူလျက်ရှိ

 

မန္တလေး    ဇန်နဝါရီ    ၃

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ယခုနှစ်အတွက် သင်တန်းသား/သူများအား ဇန်နဝါရီလမှစတင် ခေါ်ယူ သင်ကြား လျက်ရှိပြီး ပုံမှန်သင်တန်းများနှင့် အခြားသင်တန်း များလည်း ရှိကြောင်း သိရသည်။

ပုံမှန်သင်တန်း အတွက် ၁၀ တန်းအောင်၊ ၈ တန်းအောင်နှင့် ၄ တန်းအောင်များအား အသက်(၁၆)နှစ် မှ (၂၈)နှစ် အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုများအား ခေါ်ယူ သွားမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသော သင်တန်း သားများအနေဖြင့်  ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် သုံးသောင်း ချီးမြှင့်ပေးအပ် သွားမည်ဖြစ် ကြောင်း၊ အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများ အတွက် အသက်ကန့်သက်ချက်နှင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိကြောင်း၊ သင်တန်းတိုင်းအတွက် ရေမီးအစုံဖြင့် အဆောင်အခမဲ့ နေထိုင်ခွင့် နှင့် သင်တန်း သုံးပစ္စည်းများအား အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် အသက် မွေး ပညာသိပ္ပံ မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့် က ပြောကြားသည်။

သင်တန်းကာလအနေဖြင့် ပုံမှန်သင်တန်းများအတွက် တစ်နှစ်သင်တန်း၊ ခြောက်လသင်တန်းနှင့် သုံးလသင်တန်းရှိပြီး သင်တန်းအမျိုး အမည်အလိုက် ကာလကြာမြင့် မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ သင်တန်းတစ်ခုသာ ဇူလိုင်လတွင် စတင်သင်ကြားသွားမည်ဖြစ်ပြီး ကျန်သင်တန်းများအား ယခုလတွင် စတင်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ပုံမှန်သင်တန်းများတွင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန အောက်ရှိ ရုံးခွဲများ ရက်ကန်းကျောင်းများတွင် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင် နိုင်ကြောင်း၊ ကိုယ်ပိုင်ထုတ်လုပ်မှု လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ကြောင်း ၊အခြားအသက် မွေးဝမ်းကျောင်း သင်တန်းများအတွက် (၇)ရက်၊(၁၅) ရက်၊ (၃၀) ရက်၊(၄၅) ရက်နှင့် (၆၀) ရက် ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသော ပုံမှန်သင်တန်းများမှာ ချည်မျှင်နှင့် အထည် အလိပ် ဒီပလိုမာ သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ သင်တန်း၊ ရိုးရာ လွန်းရာကျ အချိတ်သင်တန်း၊ လက်ရက်ကန်းသင်တန်း၊ ရွှေချည်ငွေချည်ထိုး သင်တန်းများဖြစ်ပြီး အခြား အသက်မွေး ဝမ်းကျောင်း သင်တန်းများမှာ စက်ရက်ကန်း စက်မောင်း/စက်ပြင် သင်တန်း၊ သဘာ၀ဆေးဆိုးနည်း ပညာသင်တန်း၊အထည်ပန်း ပုံရိုက်ဆေးရေး ပန်းချီ သင်တန်း၊ရိုးရာဂျပ်ခုတ်နည်းသင်တန်း၊ အခြေခံစက်ချုပ် နည်း ပညာသင်တန်း၊ လက်ရက်ကန်း အထည် ဒီဇိုင်း သင်တန်း၊ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်း နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေ ဆက်သင်တန်းများ  ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်းသိရသည်။

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကို ခေတ်မီချည်မျှင်နှင့် အထည်အလိပ်အတတ်ပညာများ လေ့ကျင့်သင်ကြားပေးရန်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ ရိုးရာရက်ကန်း အတတ်ပညာများ ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်းလိုအပ်ချက်နှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းများ ပို့ချပေးရန်၊ရက်ကန်းလုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့် အသေးစား စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သူများ ခေါ်ယူသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)